ရှမ်းပြည်နယ် တောင်ကုန်း တောင်တန်းများပေါ်မှ ရှမ်းလက်ဖက်၏ အလှည့်အပြောင်း

မိုးဦးကျ မြူနှင်းများကြားထဲတွင် ရှမ်းပြည်နယ်၏ တောင်ကုန်းတောင်တန်းများသည် လက်ဖက်ညွန့်အသစ်များဖြင့် စိမ်းလန်းနေသည်။ ကော်ဖီနှင့် ထောပတ်သီးကဲ့သို့ ခေတ်သစ်စီးပွားဖြစ်သီးနှံများ မည်မျှပင်ခေတ်စားလာသည်ဖြစ်ပါစေ  ရှမ်းတောင်တန်း၏ အသက်သွေးကြောအစစ်က ကမ္ဘာတည်သရွေ့ ရိုးရာမပျက်သည့် "လက်ဖက်ပင်" များပင်ဖြစ်သည်။ 
ယခုနှစ် ဇွန်လ မိုးဦးကျချိန်သည် လက်ဖက်စိုက်တောင်သူများ အတွက် အလုပ်အများဆုံးနှင့် မျှော်လင့်ချက်အသစ်များ ဝေဆာနေသည့် ကာလတစ်ခုပင်ဖြစ်သည်။ ရှမ်းပြည်နယ်၏ လက်ဖက်သည် ရေမြေသဘာဝကြောင့် အခြားဒေသများထက်  အရသာပိုမိုခါးသက်ပြီး အနံ့မွှေးကြိုင်ခြင်းကြောင့် ပြည်တွင်းစားသုံးသူများကြားတွင် ''ရှမ်းလက်ဖက်''ဟုဆိုလျှင် မသိသူမရှိသည့်  အနေအထားပင်ဖြစ် သည်။     
ယခင်က  လက်ဖက်ကို ရိုးရိုးသာ ခူးဆွတ်ရောင်းချခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပလောင်၊ ဓနုနှင့်  ရှမ်းတိုင်းရင်းသား တောင်သူများသည် နည်းပညာအသစ်များဖြင့် ပေါင်းစပ်ပြီး အရည်အသွေးမြင့် လက်ဖက်ခြောက်(Green Tea) နှင့် သဘာဝအတိုင်း နှပ်ထား သည့် လက်ဖက်စို (Pickled Tea)  များကို ကိုယ်ပိုင်အမှတ်တံဆိပ်များနှင့် ထုတ်လုပ်လာကြသည်။    
'' ဒီနှစ် မိုးဦးကျမှာထွက်တဲ့ လက်ဖက်ညွန့်တွေက အနံ့ရောအရသာပါ အကောင်းဆုံးပဲ။ အရင်လို ပွဲစားလာဝယ်တာကိုပဲ ထိုင် စောင့်မနေတော့ဘဲ ရွာကအဖွဲ့တွေစုပြီး သန့်သန့်ရှင်းရှင်းထုပ်ပိုးတာ၊ သဘာဝအတိုင်း စိမ်တာတွေလုပ်ပြီး မြို့ကြီးတွေကို တိုက်ရိုက်ပို့နေရပြီ}}ဟု ပင်လောင်းမြို့နယ်မှ လက်ဖက်စိုက် တောင်သူတစ်ဦးက ပြောသည်။     
ရှမ်းလက်ဖက်၏ အဓိကအားသာချက်မှာ မြန်မာ့ရိုးရာ စားသောက်မှုပုံစံတွင် မရှိမဖြစ် အမြဲတမ်းပါဝင်နေခြင်းကြောင့် '' ဈေး ကွက်ပျက်သွားဖို့ မရှိခြင်း"ပင်ဖြစ်သည်။ မင်္ဂလာဆောင်ပွဲ၊ အလှူ အတန်းမှအစ နေ့စဉ်ဧည့်ခံပွဲများအဆုံး  လက်ဖက်သည် အမြဲနေရာယူနေသည့်အပြင် နောက်ပိုင်းတွင် ကျန်းမာရေးလိုက်စားသူများ ကြောင့် ''အော်ဂဲနစ် လက်ဖက်စိမ်းရေနွေးကြမ်း''ကဏ္ဍကပါ လူငယ် များကြားခေတ်စားလာခြင်းကြောင့် ဝယ်လိုအားက ပြည်တွင်းတင် မကဘဲ  ပြည်ပအထိပါ ဦးမော့လာနေသည်။    
ထို့ပြင် လက်ဖက်ပင်သည် သက်တမ်းရင့်လေလေအမြစ် ပိုမို ခိုင်မာပြီး အရသာပိုကောင်းလေလေဖြစ်ခြင်းကြောင့် တောင်သူများအတွက် နှစ်စဉ်မျိုးစေ့ဖိုး ထပ်မံရင်းနှီးရမည့် အနေအထားမှ ကင်းဝေးစေသည်။ ခက်ခဲသည့် သယ်ယူပို့ဆောင်ရေး အခြေအနေများ ကြားထဲမှာပင် လက်ဖက်ခြောက်သည် အလေးချိန်ပေါ့ပါးပြီး ကာလရှည် သိုလှောင်ထားနိုင်ခြင်းကြောင့် တောင်သူများအတွက် ထိခိုက်ပျက်စီးမှုအနည်းဆုံးဒေသထွက်ကုန်တစ်ခုဖြစ်သည်။    
ယခုနှစ်မိုးဦးကျကာလထွက် လက်ဖက်ညွန့်များသည် အရည်အသွေးကောင်းမွန်ခြင်းနှင့်အတူ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် လက်ဖက်သုပ်အတွက် အဓိကအသုံးပြုရသည့် လက်ဖက်စို အကြမ်းထည်(ဒေသအဝယ်ဒိုင်ဈေး) တစ်ပိဿာလျှင် အရည်အသွေးပေါ် မူတည်၍ကျပ် ၅၀ဝ၀မှ ၉၀ဝ၀ (ဈေးနှုန်းအပြောင်းအလဲများရှိ  နိုင်ပါ သည်) ဝန်ကျင်းအထိရှိပြီး အဆင့်မြင့်သန့်စင်ပြီး လက်ဖက်စို (Brand  ပါပြီး)  လက်လီအရောင်းဆိုင်များတွင်  တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ကျပ်၂၀ဝ၀ဝ ထိ (ဈေးနှုန်းအပြောင်းအလဲများရှိနိုင်ပါသည်။) ပေါက်ဈေးရှိနေကြောင်း သိရှိရသည်။     
ထို့နည်းတူ လက်ဖက်ခြောက်(Green Tea/ Black Tea )ဈေးကွက်သည်လည်း သယ်ယူပို့ဆောင်ရ လွယ်ကူသဖြင့် လမ်းပန်းဆက် သွယ်ရေး အခက်အခဲကြားတွင် ပိုမိုအရောင်းအဝယ်ဖြစ်နေပြီး ရိုးရိုး လက်ဖက်ခြောက် (အခါးခြောက်) တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ မှ ၂၂၀ဝ၀ ဝန်းကျင်နှင့် ရှမ်းတောင်တန်း အထူးတန်းဝင် လက်ဖက်စိမ်း(Specialty Green Tea) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ၀မှ ၅၀ဝ၀ဝအထိ အရည်အသွေးအလိုက် ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။    
ယခုနှစ် လက်ဖက်ဈေးကွက်သည် ဈေးနှုန်းအရ မြင့်တက်နေ သော်လည်း တောင်သူများအနေဖြင့် ခူးဆွတ်ခ(လုပ်အားခ) ကြီးမြင့် ခြင်းနှင့် မြို့ကြီးများသို့ ပို့ဆောင်ရာတွင် ကုန်စည်သယ်ယူခများကြီးမြင့်ခြင်းတို့ကြောင့်  တောင်သူကြီးများအနေဖြင့်  အကျိုးအမြတ် ရသင့်သလောက် မရဘဲ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်းကို ဒေသခံ ကုန်သည်ကြီးများထံမှ သိရသည်။ 
ခေတ်ရေစီးကြောင်းများ မည်သို့ပင် ပြောင်းလဲပါစေ၊ မိရိုး ဖလာစိုက်ပျိုးမှုကို ခေတ်ပြိုင်နည်းပညာများနှင့် အဆင့်မြှင့်တင်ရင်း  မိမိတို့ဒေသထွက် အဖိုးတန် ရှမ်းလက်ဖက်ကို ကမ္ဘာကသိအောင် ကြိုးစားနေကြသည့် တောင်တန်းပေါ်က တောင်သူများ၏ ကြိုးပမ်း အားထုတ်မှုက ယခုမိုးရာသီတွင် ပိုမိုတောက်ပနေကြောင်း တင်ပြ လိုက်ရပါသည်။

လွင်ကိုအောင် (တောင်ကြီး)