အပြည်ပြည်ဆိုင်ရာ အထူးစီးပွားရေးဇုန်ကွန်ဖရင့် -၂၀၂၆ သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတက်ရောက်
၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအထူးစီးပွားရေးဇုန်ကွန်ဖရင့် ၂၀၂၆ သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။
အဆိုပါကွန်ဖရင့်သို့ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အစိုးရအရာရှိကြီးများ၊ ရင်းနှီး မြှုပ်နှံသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြို့ ၅၈ ခုမှ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ၉၀၀ ဦးခန့် တက်ရောက်ခဲ့သည်။ ကွန်ဖရင့်သို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို တင်ပြဆွေးနွေးခဲ့သည်။ ဒုတိယဝန်ကြီး၏ တင်ပြဆွေးနွေးချက်များအပေါ် ကွန်ဖရင့်တက်ရောက် သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
MOC(IR)
