ကရင်ပြည်နယ်အတွင်းရှိ မြေပဲနှင့် တန်ဖိုးမြင့်ထုတ်ကုန် ဈေးနှုန်းဈေးကွက်

ကရင်ပြည်နယ်တွင် မြေပဲကို ဘားအံ၊ လှိုင်ဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်  အဓိကထားစိုက်ပျိုးကြပြီး ထွက်ရှိလာသည့်မြေပဲများကို အစိမ်းအတိုင်းရောင်းချခြင်းအပြင် ဒေသတွင်း တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်လျက်ရှိသည်။ 
အောက်တိုဘာလနောက်ဆုံးပတ် ကရင်ပြည်နယ်ဒေသထွက် သီးနှံဈေးကွက်၌ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၉၅၀၀-၁၁၀၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀၀၀၀-၂၂၀၀၀တို့နှင့် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် မြေပဲယို၊ မြေပဲလှော်၊ မြေပဲထုပ်များ ထုပ်ပိုးမှုနှင့် အလေးချိန်ပေါ် မူတည်၍ တစ်ထုပ်လျှင် ကျပ် ၁၅၀၀ မှ ၁၀၀၀၀ အထိ ရောင်းချလျက်ရှိသည်။
ဒေသထွက် မြေပဲဆီစစ်စစ်၊ မြေပဲမုန့်နှင့် မြေပဲယိုစသည့် တန်ဖိုးမြင့်ထုတ်ကုန်များအပြင် ကရင်ပြည်နယ်ရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသည် သဘာဝအတိုင်းစိုက်ပျိုးထားသည့် မြေပဲများကိုအခြေခံ၍ သန့်ရှင်းလတ်ဆတ်သောမြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော် သရေစာများနှင့် အလှကုန်သုံး မြေပဲဖတ်ဘေးထွက်ပစ္စည်းများအထိ နည်းပညာသုံးထုပ်ပိုးမှုများဖြင့်  ဈေးကွက်အတွင်း တိုးချဲ့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ အထူးသဖြင့်  ဒေသထွက်မြေပဲဆီများမှာ ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် အိမ်နီးချင်းဒေသနှင့်   ခရီးသွားဧည့်သည်များအကြား ရေပန်းစားသည့်ဒေသထွက် စားစရာလက်ဆောင်ပစ္စည်းတစ်ခုအဖြစ် အရောင်းသွက်လျက်ရှိသည်။ 
 

DOCA  (ကရင်)