ပြည်ပဈေးကွက်ဝင်ဧရာဝတီမှရွှေဖြူဈေးကွက်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဧရာဝတီတိုင်းဒေသကြီးသည် သီးနှံအမယ်ပေါင်းများစွာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ရေခံ၊ မြေခံကောင်းမွန်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်၊၊ စိုက်ပျိုးရေးထွက်ကုန်များမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဝင်ငွေရှာဖွေပေးနေသလို စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်စိုက်ဧက ၃၇၂၁၂၇၆ဧက၊ ပဲမျိုးစုံ စိုက်ဧက ၁၆၁၂၅၁၂ ဧက၊ သီဟိုဠ်စိုက်ဧက ၆၅၉၃၃နှင့် နှစ်ရှည် (စက်မှုကုန် ကြမ်းသီးနှံ) ရော်ဘာ ၃၆၂၇၅ ဧကကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်၊၊
ရော်ဘာကို မြန်မာနိုင်ငံအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးလျက်ရှိပြီးဧရာဝတီတိုင်းဒေသကြီးအတွင်း ရော်ဘာကို ၂၀၀၃ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့သည်။ ရော်ဘာလုပ်ငန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းဖြစ်သည်နှင့်အညီ ဈေးကွက်လွန်စွာကြီးမားကျယ်ပြန့်လှပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သောနိုင်ငံများအနေနှင့် နိုင်ငံတကာလိုအပ်ချက်ကြီးမားသည့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို အလေးထားဆောင်ရွက်နေသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း ဒေသအလိုက် ရော်ဘာအထွက်နှုန်းတိုးတက်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံအတွင်းသတ်မှတ်ထားသော ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် BPM-24/PRIM-25 ရော်ဘာမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရော်ဘာအစေးလှီးကာလမရောက်ခင် သြဂုတ်လတွင် ရော်ဘာခြံရှင်များမှာ ပေါင်းရှင်းခြင်း၊ ဓာတ်မြေသြဇာထည့်သွင်းခြင်းနှင့် အစေးခံခွက်များတပ်ဆင်၍ ရော်ဘာအစေးခံရန် ပြင်ဆင်လျက်ရှိပြီး စက်တင်ဘာလမှ စတင်အစေးလှီးလျက်ရှိရာမိုးမကျခင် မေလအထိ အစေးလှီးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ရော်ဘာတစ်ပေါင်ဈေးနှုန်းမှာ ကျပ် ၃၀၀၀ ဝန်းကျင်ရှိပြီး ယခု ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ရော်ဘာတစ်ပေါင်ဈေးနှုန်းမှာ ကျပ် ၄၀၀၀ ဝန်းကျင် ဈေးရရှိသည့်အတွက် ယခင်နှစ်ထက် ရော်ဘာတစ်ပေါင်လျှင် ကျပ်၁၀၀၀ ဈေးနှုန်း ပိုရရှိသည့်အတွက် ရော်ဘာစိုက်ပျိုးသော တောင်သူများ အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်၊၊
ဧရာမြေ (ပုသိမ်)
