ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနှင့် ဒေသတွင်းပြောင်းလဲမှုများအပေါ်ရင်ဆိုင်နိုင်မည့် စီးပွားရေးစွမ်းအားများ

ကမ္ဘာ့စီးပွားရေးအကျပ်အတည်း၏ စိန်ခေါ်မှု        ၂၀၀၈ ခုနှစ် စက်တင်ဘာလလောက်က စတင်ခဲ့သည့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေး လုပ်ငန်းများစွာတို့ အပေါ် ထိခိုက်မှုရှိခဲ့သလို အလုပ်လက် မဲ့အရေအတွက်လည်းတိုးပွားခဲ့ပါသည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့နိုင်ငံ အများအပြားနှင့် ကုန်သွယ်ဆက်ဆံမှုရှိသည့်အတွက် မြန်မာ့စီးပွားရေးအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိပါသည်။ လုပ်ငန်းတချို့တွင် လုပ်သားအင်အားလျော့ချခြင်းနှင့် လုပ်ငန်းရပ်ဆိုင်းခြင်းတွေဖြစ်ခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းများ နာလန်  ထူလာရန်အတွက် သက်ဆိုင်ရာက အစီအမံတွေနှင့်အတူ ဖြေလျော့မှုတွေပြုလုပ်ပေးနေပါသည်။ရာသီဥတုအပြောင်းအလဲစိန်ခေါ်မှု    ရာသီဥတုပြောင်းလဲမှုသည် အနာဂတ်ခြိမ်းခြောက်မှုတစ်ခုသာမဟုတ်တော့ဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း စိန်ခေါ် မှုတစ်ရပ်ဖြစ်နေပါသည်။ ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကိုမခုခံ၊ မကာကွယ်နိုင်လျှင် အခိုင်အမာနှင့်တည်ဆောက်ထားသည့်  စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးမှုဒဏ်ခံရနိုင်ပါသည်။ ပုံမှန်ရာသီအချိန်မှန်မှန်ဖြစ်ပေါ်မှုသည် အရေးကြီးသော်လည်း အလွန်ပြင်းထန် သည့် ရာသီဥတုဖောက် ပြန်မှု ဆက်တိုက်ဖြစ်ပေါ်မည်ဆိုပါက စီးပွားရေးဖြစ်စဉ်ကြီး တစ်ခုလုံးသာမက အစားအစာရှားပါးမှုလည်း ဖြစ်ပေါ်နိုင်ပါမည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုသည် နှစ်ပေါင်းများစွာကတည်းကဖြစ်ပေါ်ခဲ့ပြီး ယခုအခါပြောင်းလဲမှုလျင် မြန်လာပါသည်။ စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးနစ်နာ မှုများအတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။လွတ်လပ်သော ကုန်သွယ်မှု၏စိန်ခေါ်မှု    ဒေသတွင်းကိုကြည့်ပါက အာဆီယံလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) သည် ကုန်သွယ်မှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုစေနိုင်သလို ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးကွာဟချက် ကျဉ်းမြောင်းစေနိုင်သည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ ထိုသို့သော အကျိုးကျေးဇူးများကိုရရှိနိုင်သကဲ့သို့ မြန်မာနိုင်ငံရှိ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ်တွင် ရိုက်ခတ်နိုင်မှုမှာလည်း စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြိုတင်မျှော် တွေးထား ကြရပါမည်။    ဒေသတွင်းကုန်သွယ်မှုပြုရာတွင် အခွန်လျော့ချပေးမည်ဖြစ်၍ ပြည်ပမှတင်သွင်းရာတွင်သက်သာစွာဖြင့် ဝယ် ယူစားသုံးနိုင်မည့် အကျိုးကျေးဇူးရှိသလို ပြည်တွင်းရှိအငယ်စားနဲ့အလတ်စား လုပ်ငန်းများအနေဖြင့်လည်း ဒေသတွင်းသို့ ပစ္စည်းများပို၍ ရောင်းချနိုင် မည့် အကျိုးကျေးဇူးရှိမှာဖြစ်ပါသည်။ AFTA ကြောင့် တိုင်းပြည်စီးပွားရေး အပေါ် အကျိုးသက်ရောက်မှုရှိ/မရှိမှာ ပြည်တွင်းရှိ လုပ်ငန်းများအပေါ်များစွာမူတည်နေသည်။ လုပ်ငန်းများအနေဖြင့် ရနိုင်မည့်အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် မဟာ ဗျူဟာများချမှတ်ထားရန်လိုအပ်သည်။ AFTA အကောင်အထည်ဖော်မှုကြောင့် အကျိုးအများဆုံးရှိမည့် လုပ်ငန်းများနှင့် ထိခိုက်နစ်နာနိုင်မည့် လုပ်ငန်းများကို ခန့်မှန်းပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုသလိုပြည်ပမှ ဝင် ရောက်လာသည့် ကုန်စည်များအား ယှဉ်ပြိုင်မှုမှ ကာကွယ်ပေးရန် မည့်သို့ဆောင်ရွက်သင့်သည်ကိုလည်း စဉ်းစား ကြရမည်။ AFTA ကို အကောင်အထည်ဖော်သည့်အခါဖြစ်လာမည့် ဂယက်ရိုက်ခတ်မှုများအားဖြေရှင်းနိုင်ရန် စီမံကိန်းချထားဖို့နှင့် ဒေသတွင်း တခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်လိုအပ်ပါသည်။စီးပွားရေးစွမ်းအားများ    နိုင်ငံများစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံစွမ်းအားများအနေ ဖြင့် မြေသယံဇာတ၊ သစ်တော၊ သတ္တု၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များစသည်ဖြင့်ရှိပါသည်။ စီးပွားရေးစွမ်းအားများကို ထိထိရောက်ရောက် အသုံးချ၍ တိုင်းပြည်၏ စီးပွားရေးတိုးတက်ရန် အသုံးချတတ်ရန်လိုအပ်သည်။အဖွဲ့အစည်းများ၏စွမ်းအားများ    ကမ္ဘာပေါ်တွင် အီးယူအသိုက်အဝန်း၊ အာဆီယံအသိုက်အဝန်း၊ အေပတ်စသည်ဖြင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းအားစုများရှိသည်။ အာဆီယံစီးပွားရေး အသိုက်အဝန်းကိုကြည့်ပါက အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်ပြီး လူဦးရေသန်း ၅၈၀ ကျော်နှင့် ဂျီဒီပီအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံဖြင့် စီးပွားရေးတိုးတက်အောင်လုပ်ဆောင်နိုင်သည့် စွမ်းအားများရှိပါသည်။ ပြည်တွင်းရှိအဖွဲ့အစည်းများ ကိုကြည့်ပါက ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများရှိနေ သလို အသင်းအဖွဲ့ကဲ့သို့ ဆောင်ရွက်နေသည့်ကုန်စည်ဒိုင်များရှိသည်။ အဆိုပါအဖွဲ့အစည်းများသည် နိုင်ငံတကာနှင့် ချိတ်ဆက် ခြင်း၊ ဆွေးနွေးပွဲများပြုလုပ် ခြင်းစသည်ဖြင့်ဆောင်ရွက်မှုများအားကောင်းလာခြင်းဖြင့် ဒေသတွင်း၌ပါဝင် ဆောင်ရွက်မှုအားကောင်း လာမည်ဖြစ်သည်။ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပြည်တွင်းဈေးကွက်တည်ငြိမ်ရေးကိစ္စရပ် များဆောင်ရွက်ရာတွင် အဖွဲ့အစည်း ဆိုင်ရာ ယဉ်ကျေးမှုအား စီးပွားရေးလုပ်ငန်းများအနေဖြင့် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။ ဒေသတွင်း အဖွဲ့အစည်းများနှင့် ပြည်တွင်းစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၏ယူဆချက်များ၊ တန်ဖိုးထားမှု များနှင့် စံသတ်မှတ်ချက်များသည် အဖွဲ့အစည်းများ၏ အပြုအမူများပေါ်တွင်မူတည်သည်။ ပြောင်းလဲနေသည့် ကမ္ဘာ့ဖြစ်စဉ်ကြီး တွင် မိမိအဖွဲ့အစည်း၏ ဖွဲ့စည်းတည်ဆောက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုကို လိုက်လျောညီထွေဆောင်ရွက်ရန်မှာ အဖွဲ့အစည်း၏ ပင် ကိုယ်အရည်အသွေးကအရေးကြီးပါသည်။ကုန်သည်လုပ်ငန်းရှင်၊ စွန့်ဦးတီထွင် သူတို့၏ စွမ်းအားများ    လူတစ်ဦးချင်းကိုကြည့်ပါက ငယ်စဉ်ကာလမှစ၍ မျိုးရိုး၊ ဗီဇ၊ ငွေကြေး စသည်တို့ဖြင့်အမျိုးမျိုးကွဲပြားကြသော်လည်း နိုင်ငံတကာစီးပွားရေး၌ ဝင်ဆံ့နိုင်ရန် စီးပွားရေးဆိုင်ရာ မဟာဘွဲ့များ ရယူခြင်း၊ စီးပွားရေးအတွေ့အကြုံများ လေ့လာသင်ယူခြင်းဖြင့် စီးပွားရေးတိုးတက်အောင်ဆောင်ရွက်လာကြသည့်အတွက် လူငယ်သန်းကြွယ်သူဌေးများဖြစ်လာကြသည်။ မြန်မာနိုင်ငံတွင်လည်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ရာမှ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍကို အားပေးခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းများစွမ်းရည်အပြည့်အဝပြသခွင့်ရှိလာနိုင်ခဲ့သလို နိုင်ငံတကာနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြည့်ဝမ်းများဖြစ်လာခဲ့သည်။    စီးပွားရေးဝန်းကျင်တွင် လူတစ်ဦးချင်းသည် မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာကြည့်ပါက စီးပွားရေးဝန်းကျင်တစ်ခုလုံး ပျက်ပြားသွားနိုင်သည့် သဘောရှိတတ်၍ စီးပွားရေးကျင့်ဝတ် (Business Ethics) ကို တစ်ဦးချင်းထိန်းကျောင်းရန် လိုအပ် သကဲ့သို့ အဖွဲ့ အစည်းနှင့်ထိန်းကျောင်းရန်လည်းလိုအပ်သည်။ သို့မှသာ ပြည်တွင်းဈေး ကွက်တည်ငြိမ်ပြီး ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်စွမ်းအားတိုးတက်လာမည်ဖြစ်သည်။ ဆန်၊ ပဲနှင့် နှမ်းတို့ကို အရည်အသွေးမီထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ယုံကြည်မှုရနိုင်ခြင်းဖြင့် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ပါမည်။ အရည်အသွေး မမှန်ကန်ခြင်း၊ အလေးတင်း တောင်းမ မှန်ကန်ခြင်းနှင့် ကတိကဝတ်ပျက်ပြားခြင်းတို့ကြောင့် နိုင်ငံတကာနှင့်အရောင်းအဝယ်ပြုရာတွင် ယုံကြည်မှု ပျက်ပြား နိုင်သောကြောင့် အသင်းအဖွဲ့များအနေဖြင့် ထိန်းကျောင်းရန်လိုအပ်သည့်အတွက် အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုနှင့်စီးပွားရေး ကျင့်ဝတ်တို့မှာ နိုင်ငံတကာနှင့် ကုန်သွယ်မှုပြုရာတွင်အရေးကြီးပါသည်။        စီးပွားရေးကျင့်ဝတ်သည် စီးပွားရေးလောကတွင် ရေရှည်တည်တံ့အောင် ဆောင်ရွက်ရန်အတွက်အရေးပါသည့် အလေ့ အကျင့်ဖြစ်သည်။ သာဓကအားဖြင့် ကုန်စည်ဒိုင်များတွင် မှန်ကန်စွာစုစည်းရောင်းဝယ်ရန် ပျက်ကွက်မှု၊ ကတိကဝတ်ပျက်ပြားမှုတို့ ကြောင့် ပဲလောကကစဉ့်ကလျားပျက် ပြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ရပါသည်။ အရောင်း အဝယ်ပြုရာတွင် လည်း ကတိကဝတ် ပျက်ကြ၍ မကြာ ခဏတိုင်ကြားမှုများ လည်းဖြစ်ခဲ့သည်။ ပစ္စည်းမှန်၊ အရည်အသွေးမှန်၊ ဈေးမှန်သည့်အပြင် မှန်ကန်သည့် အလေ့အကျင့်ဖြင့် အရောင်းအဝယ်ပြု စေရန်အတွက် ကုန်စည်ဒိုင်များ၏အခန်းကဏ္ဍမှာအရေးပါသည်။ သို့မှသာ နိုင်ငံခြား ကုမ္ပဏီများကလည်း စီးပွားရေးကျင့်ဝတ်နှင့်အညီ ရောင်းဝယ်ဖောက်ကားသည့် ကုန်စည်ဒိုင်များတွင် ယုံကြည်မှုအပြည့်အဝနှင့် ရောင်း ဝယ်မှုပြုခြင်းဖြင့် စီးပွားရေးတိုးတက် မှုကိုရရှိစေမည်ဖြစ်ပါသည်။ ကုန်စည် ဒိုင်ပြည်ပရှိနေရာများ၊ ရုံးခန်းများ၊ လက် ဖက်ရည်ဆိုင်များတွင် ရောင်းဝယ်နေခြင်းသည် မှန်ကန်သည့်ဈေးကွက်နေရာ Market Place မဟုတ်ပါ။ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်း တည်ငြိမ်မှုကို တောင်းဆို နေကြသော် လည်း တချိန်တည်းတွင် စီးပွားရေး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက် ရမည်ဆို သည့်အသိ စိတ်ဓာတ်ထူထောင်မှုပိုင်း တွင် အားနည်းမှုများရှိနေသေးသည်ကို တွေ့ရသည်။    ဤကဲ့သို့သော အခြေအနေများ ကိုရင်ဆိုင်ဖြေရှင်းရာတွင် အချို့နိုင်ငံများတွင် ကိုယ့်နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်တွင်း အားနှင့်ဖြေရှင်းနိုင်ကြသကဲ့သို့ အချို့မှာပြည်ပမှဝင်ရောက်ဖြေရှင်းဆောင်ရွက်ခြင်းများရှိသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံအနေဖြင့် ရင်ဆိုင်ရမည့်စိန်ခေါ်မှုများအား နိုင်ငံတော်အစိုးရနှင့် တိုင်ရင်းသားစီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းထားသည့် ပြည်တွင်း အားဖြင့်သာ အကောင်းဆုံးနှင့် အမှန်ကန်ဆုံးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်သည်။ ထိုသို့ဖြေရှင်းရာတွင် အားလုံးရာခိုင်နှုန်း ပြည့်နှစ်ခြိုက် သဘောကျလက်မခံနိုင်သည့်တိုင် အများစုကသဘောတူလက်ခံသည့်အတိုင်း လိုက်နာလုပ်ဆောင်ခြင်းသည် ဒီမိုကရေစီအခြေခံသဘောနှင့် ကိုက်ညီပြီး နိုင်ငံအားတိုးတက်မှုလမ်းကြောင်းအပေါ် မလွဲဧကန်ရောက်စေမည်ဖြစ်သည်။ ဖြစ်သင့် ဖြစ်ထိုက်သည့် အခြေခံမှစ၍ ပိုမိုကောင်းမွန်သည့်အခြေအနေကိုရအောင်ယူ၍ အကောင်းဆုံးအခြေအနေရောက်ရှိအောင် ကြိုးစားပြုပြင် တည်ဆောက်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကြီးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးရာရောက်ပါမည်။    စီးပွားရေးစွမ်းအားများ၏ အဓိကကျသောလူသားအရင်းအမြစ်တစ်နည်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တစ်ဦးချင်း စွမ်းအားများကို စုစည်းထားသော အသင်းအဖွဲ့စွမ်းအားများက ပို၍အရေးပါသည်။ အဖွဲ့အစည်းများက စီးပွားရေးလုပ်ငန်းကို ဖွံ့ဖြိုးအောင် ထိန်းကျောင်းခေါ်ဆောင်လျှက်ရှိပေသည်။ ဥပမာ- GMS ဒေသခွဲကို တစ်စုတစည်းတည်းသော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဗဟိုချက်မနေရာအဖြစ် ထူထောင်အောင် မြင်ရေးမှာ တစ်စိတ်တစ်ဒေသအားဖြင့် GMS နိုင်ငံများရှိ တိုင်းနှင့်ပြည်နယ် ကုန်သည်စက်မှုအသင်းများ၏ အထောက် အကူပေးနိုင်မှုစွမ်းဆောင်ရည် (စွမ်း ပကား) အပေါ်အခြေပြုသည်။ ဒေသ ခွဲနိုင်ငံအသီးသီးရှိ ကုန်သည်စက်မှု အသင်းများ၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်နိုင်မှုစွမ်းပကားကို မြှင့်တင် ပေးရေးမှာ အမှန်လိုအပ်လှပါသည်။    ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကာလတွင် ဝယ်လိုအားကျဆင်းခြင်းနှင့်အတူ ဈေးနှုန်းကျဆင်းခြင်းကြောင့် ဈေးကွက်ပြန်လည် ရရှိအောင်ဆောင်ရွက်ရာတွင် အရည်အသွေးမြင့်ကုန် ပစ္စည်းများကို ထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံတကာ၏ ယုံကြည်မှုရရှိအောင် တည်ဆောက်ရမည်ဖြစ်သည်။ လွတ်လပ်သောကုန်သွယ်မှုဒေသအကောင်အထည်ဖော်ရာတွင်လည်း အရည်အသွေးနှင့် ဈေးနှုန်း ယှဉ်ပြိုင်နိုင်မှုစွမ်းအားမှာ အရေးကြီးသည်ကိုသတိပြုရမည်ဖြစ်သည်။ အဆိုပါအကျပ်အတည်းများနှင့် အပြောင်းအလဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးမှာ အထက်တွင် ရှင်းလင်းဆွေးနွေးခဲ့သည့်အတိုင်း စီးပွားရေးကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသည့် ကုန်သည် လုပ်ငန်းရှင်တစ်ဦးချင်း၏ စွမ်းအားများကိုစုစည်းထားသည့် သင်းအဖွဲ့များ၏ မြင့်မားသောစွမ်းဆောင်ရည်များမှာ ပဓာနကျလျက်ရှိပါ ကြောင်းရေးသားလိုက်ရပါသည်။ဒေါက်တာထိန်လင်း