အင်္ဂလန်နိုင်ငံသို့သွားရောက်ပညာသင်ကြားလိုသောကျောင်းသားများ အင်္ဂလိပ်စာတတ်ကျွမ်းသည်အထိ သင်ယူထားသင့်

    အင်္ဂလန်နိုင်ငံသို့  သွားရောက်ပညာသင်ကြားလိုသော မြန်မာကျောင်း သားများအနေဖြင့် အင်္ဂလိပ်စာကိုတတ်ကျွမ်းသည် အထိ  သင်ယူထားပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှိလာနိုင်ပြီး၊ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကိုင်သူများ အတွက်လည်း လစာများ ပိုမိုရရှိစေကြောင်း အင်္ဂလန်ပညာရေးလေ့လာသူတစ်ဦးက ပြောကြားသည်။    ''အင်္ဂလန်ရောက်  ကျောင်းသားအများစုက စက်ရုံတွေ၊ ကုန်တိုက်တွေမှာ အလုပ်လုပ်ကြတာ များပါတယ်။ အင်္ဂလိပ်လိုပြော ရာမှာ ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့ ကျောင်းသားတွေက ဥပမာ-ဖုန်းရောင်းတဲ့ဆိုင်ဆိုပါစို့။ သူက ဝယ်သူကိုရှင်းပြ၊ ဝယ်ချင်အောင် ပြောပြရတဲ့ နေရာမျိုးမှာ အလုပ်လုပ်ခွင့်ရကြတယ်၊ အင်္ဂလိပ်လိုပြောဖို့ရှက်ရွံ့နေတဲ့  ကျောင်းသားမျိုးက အဲဒီဖုန်းတွေ ထုပ်ပိုးတဲ့ နေရာမျိုး၊ သယ်ပို့တဲ့နေရာမိုျးမှာပဲ လုပ်ကြရတယ်။ အဲဒီနေရာများက အလုပ်လုပ်ရတာ ပိုပင်ပန်းသလို လုပ်အားခကျတော့ လည်း   ပိုနည်းတယ်၊  customer နဲ့  ပြောဆိုနေရတဲ့သူက လုပ်အားခပိုရတယ်။ ဒါကြောင့် ပညာသင်ယူရာမှာရော၊ အချိန်ပိုင်း အလုပ်လုပ်ရာမှာပါ။ အင်မတန်အသုံးဝင်တဲ့ အင်္ဂလိပ်စာနဲ့ စကားကို လိုလိုလားလား လေ့လာထားဖို့လိုပါတယ်။ အင်္ဂလိပ်စာ လေ့လာမယ်ဆိုရင်လည်း မျက်မှောက်ကာလ present နဲ့ အနာဂတ် future နဲ့ဆိုင်တဲ့  Tense တွေကို အကုန်နားလည် သွားအောင် အချိန်ယူရင်လည်း အနည်းဆုံး ၄၅ မိနစ်၊ အကြာဆုံး ၂ နာရီပေါ့။ တစ်ဘဝလုံးသုံးရမယ့် Time and Tense ကို စနစ်တကျ ၂ နာရီ လောက်လေ့လာပြီး အဲဒီအခြေခံကနေ ဆင့်ကဲဆင့်ကဲ ကြိုးစားလေ့လာသွား ကြဖို့လိုပါတယ်'' ဟု ယင်းက ပြောသည်။    ၎င်းအပြင် ဝေါဟာရကြွယ်ဝစေရန် တစ်နေ့လျှင် ၁ဝ လုံး ကျက်မှတ်ကြည့်ပါက တစ်လလျှင် ၃ဝဝ၊ တစ်နှစ်လျှင် ဝေါဟာရပေါင်း ၃၆၅ဝ ရရှိမည် ဖြစ်ပြီး၊ ယင်းဝေါဟာရများကို အဆိုပါ Time and Tense များနှင့် အမျိုးမျိုး ရေးပြောနေပါက   အင်္ဂလိပ်စာပို၍  ကျွမ်းကျင်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။