ဗီယက်နမ် ဆန်သိုလှောင်မယ့် လုပ်ငန်းရှင်များမှ အရည်အသွေးနိမ့် ဆန်များကို အလေးထား ဝယ်ယူခြင်းမရှိ
ယာယီသိုလှောင်ဖို့အတွက် ဆန်တန်ချိန် တစ်သန်းဝယ်ယူမယ့် အစီအစဉ်မှာပါဝင်တဲ့ လုပ်ငန်းရှင်များဟာ တရုတ်ဈေးကွက် က ဝယ်လိုအားမြင့်နေတဲ့ တန်းမြင့်ဆန်များကို ဦးစားပေးဝယ်ယူနေတယ်လို့ သိရပါတယ်။ တရုတ်ဈေးကွက်က ၅ မှတ်ဆန်ကို ဝယ်လိုအားကောင်းနေတယ်လို့ အန်ဂိုင်းမှ သိုလှောင်ရေးလုပ်ငန်းရဲ့ ဒါရိုက်တာ တစ်ဦးက ဆိုပါတယ်။ ဒါကြောင့် ပြည်ပ တင်ပို့စာချုပ်ချုပ်ဆိုထားတဲ့ တရုတ်ဖောက်သည်တွေကို ရောင်းဖို့ အရည်အသွေးမြင့်ဆန်များကို ၎င်းင်းကုမ္ပဏီအနေနဲ့ ဦးစားပေး ဝယ်ယူခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နဲ့ အာဖရိကနိုင်ငံများက တန်းနိမ့်ဆန် တင်သွင်းသူတွေနဲ့ ဆန်စာချုပ်သစ်ချုပ်ဆိုထားခြင်းမရှိလို့ လက်ရှိရိတ်သိမ်းမှု များနေတဲ့ တန်းနိမ့်စပါးဝယ်ယူမှု နည်းနည်းပါးပါးသာရှိတယ်လို့ ဆိုပါတယ်။ သိုလှောင်ဖို့ ဝယ်ယူခြင်း မပြုမီ စားသုံးသူဈေးကွက် ကို အသေအချာရှာထားဖို့ လိုအပ်တယ်လို့လည်း ၎င်းကဆိုပါတယ်။ ယခု ၃ လအတွင်း ဆန်တင်ပို့မှုအခြေအနေက တော်တော် ကို ခက်ခဲနေတယ်လို့ ဒေါင်သပ်ပြည်နယ်မှ Phu Binh Food ကုမ္ပဏီဒါရိုက်တာ Pham Phong Phu မှ ပြောကြားပါတယ်။ ယခုနှစ်ကစပြီး ၎င်းကုမ္ပဏီအနေနဲ့ တရုတ်နဲ့ မလေးရှားကို တန်ထောင်ဂဏန်းသာ တင်ပို့နိုင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်များဟာ တရုတ်နိုင်ငံကို တင်ပို့ဖို့ ဆန်တန်ချိန် ၄၂၀၀၀၀ စာချုပ်ထားတယ်လို့ သိရပါတယ်။ Ba Doc လက်ကားဈေးကွက်မှ ပုဂ္ဂလိက ကုမ္ပဏီများနဲ့ An Thanh Dong စက်မှုလက်မှုအစုအဖွဲ့မှ ယခုရက်အတွင်း မြောက်ပိုင်းဒေသက ကုန်သည်တွေကို ဆန်တင်ပို့နေတယ်လို့ဆိုပါတယ်။ ဆောင်းစပါးစိုက်ဧရိယာရဲ့ ၄၈ ရာခိုင်နှုန်းဖြစ်တဲ့ ဟက်တာ ၂၀၈၀၀၀ မှာသာ စိုက်ပျိုးတဲ့ ဆန်မွှေးနဲ့ ဆန်လုံးသွယ်စပါး ကိုသာ လုပ်ငန်းရှင်တွေ ပိုမိုဝယ်ယူနေကြတာနဲ့ ပတ်သက်လို့ စိုးရိမ်နေတယ်လို့ ဒေါင်သပ် စိုက်ပျိုးရေးနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဌာန ဒါရိုက်တာ Duong Nghia Quoc မှ ပြောကြားပါတယ်။ တစ်ချိန်ထဲမှာ တန်းနိမ့်စပါး IR 50404 ကို စိုက်ပျိုးမှုက ၅၂ ရာခိုင်နှုန်းထိမြင့်တက်နေတယ်လို့ သိရပါတယ်။ တောင်သူများဟာ သိပ္ပံပညာရှင်များနဲ့ စီမံခန့်ခွဲမှု အေဂျင်စီ တွေရဲ့ သတိပေးမှုကို အလေးမမူဘဲ ယခင်နှစ်စပါးရာသီမှာ ကောင်းကောင်းရောင်းချခဲ့ရတဲ့ IR 50404 တန်းနိမ့်စပါးတွေကို ပိုမို စိုက်ပျိုးလာကြတယ်လို့ သိရပါတယ်။ လဝန်း၊Source: The Saigon Times
