တစ်ပတ်အတွင်း သတင်းတိုများ
လာမည့်ရာသီအကြိုခြေစမ်းခရီးစဉ်အဖြစ် မန်စီးတီးအသင်းသည် မလေးရှား နိုင်ငံသို့ ဇူလိုင်လအတွင်း ပထမဆုံးအကြိမ်လာရောက်ခြေစမ်းမည်ဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာနည်းပြ ဂွါဒီယိုလာက ချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီလွဲချော်ခဲ့သည့် တိုက်စစ်မှူး မက်ဆီဘက် မှ ထောက်ခံစကားပြောဆိုခဲ့ပြီး ၎င်းတို့အသင်းမှာ ဗိုလ်လုပွဲတက်ရောက်ရန် အစွမ်းကုန်ကြိုးစားခဲ့သည် ဟု ပြောဆိုခဲ့ သည်။ ချဲလ်ဆီးကွင်းလယ်လူ မီခေးလ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ချန်ပီယံလိဂ်ဗိုလ် လုပွဲနှင့် လွဲခဲ့ရသည့် အသင်းဖော် လေးဦးအတွက် ဆုဖလား ဆွတ်ခူးနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကြုံးဝါးလိုက်ကြောင်း သိရသည်။ စပိန်တင်းနစ်သမား ရာဖေးနာဒယ်သည် မိုနာကိုတွင်ကျင်းပခဲ့သည့် မွန်တီကာ လိုမာစတာတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လက်ရှိကမ္ဘာ့အဆင့်တစ် နိုဗက်ဂျိုကို ဗစ်ကို အနိုင်ယူပြီး ရှစ်နှစ်ဆက်တိုက် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ဗြိတိန်အိုလံပစ်အသင်းနည်းပြ စတူးဝပ်ပီးယာ့စ်သည် လာမည့်အိုလံပစ်တွင် ကွင်းလယ်လူဒေးဗစ်ဘက်ခမ်းအား အသင်းတွင် ထည့်သွင်းကစားနိုင်ရန်အ တွက် ၎င်း၏ကြံ့ခိုင်မှုအခြေအနေအား သွားရောက်စစ်ဆေးအကဲခတ်ရန်စီစဉ် ထားကြောင်း သိရသည်။ ဂျီနိုအာအသင်း၏အိမ်ကွင်းတွင်ကျင်းပခဲ့သည့် ဂျီနိုအာနှင့်ဆီနာတို့၏ပွဲစဉ်တွင် အိမ်ရှင်ပရိသတ်များ၏အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် မိနစ်၄၀ကြာပွဲကို ရပ်နားခဲ့ရသည့်အတွက် ဂျီနိုအာအသင်းအနေဖြင့် လက်ကျန်အိမ်ကွင်းပွဲစဉ် များကို တံခါးပိတ်ကစားရတော့မည်ဖြစ်ကြောင်း သိရသည်။ ဘဏ္ဍာရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည့် ရိန်းဂျားစ်အသင်းအား စပိန် ဘောလုံးအဖွဲ့ချုပ်မှဒဏ်ငွေပေါင် ၁၆၀၀၀၀ ချမှတ်ခဲ့သည့်အပြင် တစ်နှစ်တာ အတွင်း ကစားသမားအပြောင်းအရွှေ့ပြုလုပ်ခွင့်ကိုလည်း ပိတ်ပင်ခဲ့ကာ အသင်းပိုင်ရှင် ခရိတ်ဝှိုက်အား စကော့ဘောလုံးလောကမှရာသက်ပန်ပိတ်ပင် ခဲ့ကြောင်းသိရသည်။
