ဂေါဝိန်၊ မရမ်းခြံ ဆိပ်ကမ်းလုပ်သားများ ငါးနှစ်တာကာလအတွင်း လုပ်အားခအပြောင်းအလဲမရှိ
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနဲ့ မရမ်းခြံဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်ကိုင်လျက်ရှိတဲ့ လုပ်သားများမှာ ငါးနှစ် တာကာလအတွင်း လုပ်အားခအပြောင်းအလဲမရှိဘဲ လုပ်ကိုင် နေရကြောင်း သိရပါတယ်။ မရမ်းခြံဆိပ်ကမ်းမှ လုပ်သားခေါင်းဆောင်တစ်ဦးက "ခုချိန်မှာ ကုန်ပေါတဲ့အတွက် လုပ်အားခ အမြင့်ဆုံးရတယ်။ ဝါဆို၊ ဝါခေါင်ရေကြီးချိန်ဆို ကုန်ရှားတဲ့အတွက် လုပ်အားခ ပုံမှန်မရှိဘူး။ အခုချိန်မှာ လုပ်အားခ ကျပ် ၅၀၀၀ ရတယ်။ အလုပ်ပါး ချိန်ဆို ကျပ် ၄၀၀၀ ဖြစ်သွားတယ်။ လုပ်အားခက ဒီနှုန်းကနေ မတက်တာ ၅ နှစ်ရှိပြီ။ ဆိပ်ကမ်းလိုအပ်ချက်အရ လုပ် သား ၄၀၀ လိုအပ်တာ။ လုပ်အားခနည်းတော့ လုပ်သား ၂၀၂ ဦးပဲရှိတယ်။ လုပ်သားအပြည့်ခန့်လိုက်ရင်လည်း ဒီနှုန်းကို ရမှာမဟုတ်ဘူး။ ဆိပ်ကမ်းလုပ်သားတွေအတွက် ဒီနှုန်းထား အတိုင်းဆို စားဝတ်နေရေးအတွက် တွက်ခြေမကိုက်ဘူး။ ဒါကြောင့် လာမယ့်အစည်းအဝေးမှာ လုပ်သားတစ်ဦးကို ကျပ် ၆၀၀၀၊ ၆၅၀၀ လောက်ရအောင် တင်ပြသွားမယ်" လို့ ပြောပါတယ်။ ဆိပ်ကမ်းလုပ်သားများမှာ မန္တလေးမြို့အရှေ့ဘက်ခြမ်း ရှိ ရတနာပုံမြို့သစ်၊ အောင်သာယာမြို့သစ်များမှ လာရောက် လုပ်ကိုင်ကြပါတယ်။ ဂေါဝန်ဆိပ်ကမ်းနဲ့ မရမ်းခြံဆိပ်ကမ်းသို့ အထက်ပိုင်းရှိ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ မောင်းကုန်း၊ တကောင်း၊ ငါးအိုး စတဲ့မြို့နယ်များမှ ဒေသထွက်ကုန်များ ဝင်လျက်ရှိရာ လတ်တလောမှာ အင်းရွာ၊ ကသာမြို့နယ်ဘက် မှ မော်တော်များ အများဆုံးဝင်နေကြောင်း သိရပါတယ်။ ဂေါဝိန်ဆိပ်ကမ်းသို့ မော်တော် ငါးစီးဝန်းကျင်၊ မရမ်းခြံဆိပ် ကမ်းသို့ ၂၀ နဲ့ ၃၀ စီးကြား ဆိုက်ကပ်လျက်ရှိပါတယ်။ ဆိပ် ကမ်းသို့ သကာရည်၊ ပဲမျိုးစုံ၊ အထည်အလိပ်များဝင်နေပြီး၊ မန္တလေးမှ အထက်ပိုင်းသို့ ဆန်၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူလျက်ရှိကြောင်း၊ ကုန်ပစ္စည်းများကို ကုန်းလမ်းထက် ရေလမ်းမှ သယ်ယူမှု များခြင်းကြောင့် လုပ်သားအင်အားတိုးရန် လုပ်အားခ တိုး တောင်းမှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
