၂၀၁၁ မှာ ကမ္ဘာ့ဆန် ထုတ်လုပ်မှု တန်ချိန် ၄၈၀ သန်းအထိ စံချိန်တင်မြင့်တက်
အိန္ဒိယနိုင်ငံရဲ့ ထုတ်လုပ်မှုမြင့်တက်ခြင်းက အကူအညီ ဖြစ်စေခဲ့လို့ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ ၂၀၁၁ ခုနှစ်မှာ ယခင် နှစ်များထက် ၂ ဒသမ ၆ ရာခိုင်နှုန်းပိုမိုပြီး၊ တန်ချိန် ၄၈၀ ဒသမ ၁ သန်း အထိရှိတယ်လို့ FAO မှ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ ဆန်ထုတ်လုပ်မှုတန်ချိန် ၄၆၈ ဒသမ ၁ သန်း ရှိခဲ့ပါတယ်။ ဆန်စပါးရာသီပြီးဆုံးလုနီးပြီဖြစ်လို့ ၂၀၁၁ ကမ္ဘာ့ ဆန်ထုတ်လုပ်မှု နောက်ဆုံး ခန့်မှန်းချက်ကို အနည်းငယ် လျှော့ပြီး တန်ချိန် ၄၈၀ ဒသမ ၁ သန်းခန့်မှန်းခဲ့ပေမဲ့ ၂၀၁၀ ခုနှစ်ထက် တန်ချိန် ၁၂ သန်း ပိုမိုနေသလို ယခင်နှစ်များ ထက်လည်း အထွက်ပိုလာတယ်လို့ ဆိုပါတယ်။ ၂၀၁၁ အတွင်း ကမ္ဘာ့ဆန်အထွက် ခန့်မှန်းမှုလျော့ကျ လာခြင်းမှာ ဘင်္ဂလားဒေ့ရှ်၊ မာလီ၊ ပါကစ္စတန်၊ ဆီနီဂေါနဲ့ ဗင်နီဇွဲလားနိုင်ငံများရဲ့ ထွက်ရှိမှုတို့ပါဝင်အောင် ထိန်းညှိခန့် မှန်း ခြင်းကြောင့်ဖြစ်တယ်လို့ FAO ရဲ့ နေက်ဆုံးစားနပ်ရိက္ခာ အလားအလာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ ဆန်အထွက် တိုးမြှင့်ဖို့ အဓိက ထောက်ပံ့မှုပြုနေတာကတော့ အိန္ဒိယမှာ ရာသီဥတုကောင်းမွန်ခဲ့တဲ့အတွက် ပထမအကြိမ် ခန့်မှန်းထားတဲ့ တန်ချိန် သန်း ၁၀၀ ထက်ပိုပြီး၊ တန်ချိန် ၁၀၃ ဒသမ ၄ သန်းအထိ ထွက်ရှိခဲ့တာကြောင့်လို့ ဖော်ပြ ထားပါတယ်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ယခင်သီးနှံရာသီမှာ တန်ချိန် ၉၅ ဒသမ ၉၈ သန်း ထွက်ရှိခဲ့ရာမှ ၂၀၁၁-၁၂ (ဇူလိုင်-ဇွန်) အတွင်းမှာ တန်ချိန် ၁၀၃ ဒသမ ၄၁ သန်းအထိ စံချိန်ထွက်ခဲ့တယ်လို့ သိရပါတယ်။ အာရှနိုင်ငံများက တရုတ်၊ ပါကစ္စတန်နဲ့ ဗီယက်နမ်တို့ရဲ့ ထွက် ရှိမှုလည်း ပိုမိုလာသလို ကမ္ဘောဒီးယား၊ မလေးရှား၊ နီပေါနဲ့ ဖိလစ်ပိုင်တို့ရဲ့ စပါးထုတ်လုပ်မှုလည်း ပိုလာတယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ အင်ဒိုနီးရှား၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းမှာ ရေနစ်မြုပ်ခြင်း၊ မိုးကြီးခြင်းနဲ့ ရောဂါပိုးကျဆင်းခြင်းအပါအဝင် သီးနှံအထွက်လျှော့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ FAO က ထောက်ပြထားပါတယ်။ အာရှအပြင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ အီဂျစ်နဲ့ ဥရုဂွေးတို့မှာလည်း ၂၀၁၁ ရာသီမှာ ကောင်းတဲ့ လက္ခဏာရှိခဲ့ပေမဲ့ မဒက်စကာနဲ့ အနောက်အာဖရိကနိုင်ငံများ ဖြစ်တဲ့ မာလီနဲ့ ဆီနီဂေါတို့မှာ စိုက်ပျိုးမှု နည်းလို့ သီးနှံ ထွက် ရှိမှု လျော့ကျခဲ့ပါတယ်။ ယခုနှစ်အတွက် FAO က ကမ္ဘာ့ဆန် တန်ချိန် ၄၈၈ သန်းထွက်မယ်လို့ ကြိုတင်မှန်းထားပါတယ်။ ပုံမှန်ရာသီဥတုကျရောက်ဖွယ်ရှိပြီး၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် နေမှုတွေကြောင့် ၂၀၁၂ မှာ ၁ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုပြီး တန်ချိန် ၄၈၈ သန်းထွက်မယ် လို့ဆိုပါတယ်။လဝန်း၊Source: Business times
