ရှမ်းပြည်နယ်တောင်ပိုင်း စိန်တလုံးသရက် ဈေးကွက်စဝင်ပြီ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး ညောင်ရွှေမြို့နယ်များမှာ စိုက်ပျိုးသော စိန်တစ်လုံးသရက်များဟာ မေလတတိယပတ်မှစတင် ခူးဆွတ်ပြီး ဈေးကွက်တင်ပို့ရောင်းချနေပြီဖြစ်ပါတယ်။ ဒေသတွင်းဈေးကွက်မှာ အိတ်စွပ်သီး တစ်လုံး ၂၅၀ ကျပ်မှ ၄၅၀ ကျပ်၊ အိတ်မစွပ်သောအသီးမှာ တစ်လုံး ၁၀၀ ကျပ်မှ ၃၀၀ ကျပ်ထိ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်ဈေးကွက်သို့ ၃၀ လုံးမှ ၄၅ လုံးပါ ဂျပ်ဖာများနဲ့တစ်ဖာ ၉၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ၄၀ လုံးမှ ၆၀ လုံးပါ သစ်သားသေတ္တာနဲ့ တစ်ဖာ ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ဖြင့် လည်းကောင်းဈေးရပြီး တစ်ရက်ပျမ်းမျှ ဂျပ်ဖာ ၅၀ မှ ၁၀၀ ထိ တင်ပို့လျက်ရှိပါတယ်။ ညောင်ရွှေမြို့နယ်မှ ၁၂၀၀၀ လုံးအား မူဆယ်ဈေးကွက်သို့တင်ပို့ပြီး သရက်သီးရဲ့ အရည်အသွေးကောင်းမွန်မှုအလိုက် တစ်ဖာ ၆၅ ယွမ် (၈၅၀၀ ကျပ်) မှ ၁၁၅ ယွမ် (၁၅၀၀၀ ကျပ်) ထိ ဈေးနှုန်းရရှိကြောင်းသိရှိရပါတယ်။ ဇွန်လဒုတိယပတ်မှစတင်ပြီး သရက်လှိုင်လှိုင်ထွက်ပေါ်မှာဖြစ်ပြီး၊ ဒေသတွင်းဈေးကွက်၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့အပြင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံ တင်ပို့မှာဖြစ်သလို ရှမ်းပြည်နယ်တောင် ပိုင်း သရက်အစုအဖွဲ့မှဦးဆောင်ပြီး စင်ကာပူ၊ မလေးရှားနိုင်ငံ ဈေးကွက်များသို့လည်း တင်ပို့ရောင်းချသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ခွန်ကျော်ဌေး
