စစ်ကိုင်း ရွှေဟင်္သာသရက် မူဆယ်ကို တက်ပြီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီးပွားဖြစ်သရက်စိုက်ပျိုးမှု များပြား တဲ့ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာ အုပ်စုရှိကျေးရွာများမှ ပြီးခဲ့တဲ့ မေလဒုတိယပတ်ကနေ ဇွန်လပထမပတ်အတွင်း စိန်တလုံးသရက်များကို မူဆယ်ဈေးကွက်ကို တင်ပို့ခဲ့ကြသလို ယခုဇွန်လ ဒုတိယပတ်ကစပြီး ရွှေဟင်္သာသရက်သီးများကို မူဆယ်ဈေးကွက်ကို စတင် တင်ပို့နေပြီလို့ ဒီပဲယင်းကွဲကျေးရွာက သရက်ခြံရှင် ဦးကျော်မြင့်က ပြောပါတယ်။ဒီပဲယင်းကွဲကျေးရွာနဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကစပြီး၊ ဈေးကွက်ဝင် စိန်တလုံးနဲ့ ရွေဟင်္သာသရက်တွေကို စီးပွားဖြစ်စိုက်ခဲ့ကြတဲ့ တောင်သူ ၄၀၀ ဦးခန့်ရှိပြီး၊ သရက်ခြံဧက ၃၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ အများဆုံးစိုက်ပျိုးမှုမှာ စိန်တလုံး ဧက ၂၀၀၀ ခန့်နဲ့ ရွှေဟင်္သာဧက ၁၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ယခုနှစ် ဇွန်လ ပထမပတ်ကစပြီး ရွှေဟင်္သာသရက်သီးများကို မူဆယ်တင်ပို့ရာမှာ တရုတ် အိတ်စွပ် တစ်ဖာ ၈၀ ယွမ်(၁၀၅၀၀ ကျပ်)မှ ၉၀ ယွမ် (၁၁၉၀၀ ကျပ်)၊ ဂျာနယ်အိတ်စွပ် တစ်ဖာ ၆၀ ယွမ် (၇၉၀၀ ကျပ်)မှ ၇၀ ယွမ် (၉၂၀၀ ကျပ်)နဲ့ အလွတ်တစ်ဖာ ၄၀ ယွမ်(၅၂၀၀ ကျပ်)မှ ၄၅ ယွမ်(၅၉၀၀ ကျပ်) သာဈေးရခဲ့ပြီး၊ မိုးကြောင့် ဈေးအေးနေတဲ့အတွက် တင်ပို့မှုနှေးကွေးခဲ့ရာ က ယခုအခါ တရုတ်အိတ်စွပ်တစ်ဖာ အနိမ့်ဆုံး ၇၀ ယွမ် (၉၂၀၀ ကျပ်)မှ အမြင့်ဆုံး ၁၀၀ ယွမ် (၁၃၂၀၀ ကျပ်)အထိ ဈေးကောင်းရလာတာကြောင့် တင်ပို့အား သွက်လက်မြင့်မားလာတယ်လို့ သိရပါတယ်။ယခုတစ်ပတ် သရက်သီးတင်ပို့မှုအနေဖြင့် ဒီပဲရင်းကွဲကျေးရွာအုပ်စု အတွင်းမှ ရွှေဟင်္သာသရက်သီးကားလေးစီး တင်ပို့ပြီးစီးခဲ့ပြီး၊ ဆက်လက် တင်ပို့ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သရက်ခြံရှင်တွေက ပြောပါ တယ်။ ကားတစ်စီး သရက်ဖာ ၅၀၀ မှ ၈၅၀ ထိ ယာဉ်အမျိုးအစား အလိုက် တင်ဆောင်လျက်ရှိပြီး၊ သယ်ယူခနှုန်းထားအနေနဲ့ မူဆယ်အထိ တစ်ဖာကို ကျပ် ၁၃၀၀ မှ ၁၅၀၀ ကျသင့်တယ်လို့ သိရပါတယ်။ယခုအခါ ရွှေဟင်္သာသရက်ခြံရှင်များအနေနဲ့ လက်ရွေးစင် စူပါ ရောင်းတန်းဝင် သရက်များကို မူဆယ်တင်ပို့ဖို့ စိုင်းပြင်းနေကြသလို ပယ် သီးများကိုတော့ ပြည်တွင်းဈေးကွက်ဖြစ်တဲ့ မန္တလေး၊ မုံရွာစတဲ့ မြို့တွေကို လက်ကားပို့ရတဲ့အတွက် ယခုနှစ် သရက်စိုက်ပျိုးသူတွေ အကျိုးဖြစ်ထွန်း ခံစားရမှုမြင့်မားခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်
