စွယ်တော်ရွက်အလား ရေခဲနဲ့ ငါး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ဟာ လယ်ယာလုပ်ငန်းအပြင် ရေထွက်ပစ္စည်းများထွက်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဖျာပုံမြို့မှာဆိုက်ကပ်တဲ့ ငါးဖမ်းရေယာဉ်အစီး ၁၀၀ ကျော်ရှိတဲ့အပြင် အင်းလုပ်ငန်းများလည်း ရှိပါတယ်။ ယခုလဟာ ငါးဖမ်းရေယာဉ်များ ပင်လယ်ပြင်ကိုထွက်နေကြသလို အင်းလုပ်ငန်းများလည်း လုပ်ကိုင်နေတဲ့ လပဲဖြစ်ပါတယ်။ ရေချို၊ ရေငန်မှ ရရှိလာတဲ့ငါး၊ ပုစွန်များကို ကြာရှည်ခံနိုင်ရေးအတွက် ရေခဲဟာ မရှိမဖြစ်လိုအပ် လာပါတယ်။ ဖျာပုံမြို့နယ်မှာ ရေခဲစက် ၃ စက်ရှိပြီး၊ ထိုရေခဲစက်များမှ တစ်မြို့နယ်လုံး အတိုင်းအတာအရ နှစ်စဉ် ပေါင် ၃၀၀ ရှိ ရေခဲအတုံးရေ ၁ ဒသမ ၅ သိန်းထက်မနည်း အသုံးပြုပေးနေရတယ်လို့ သိရပါတယ်။ ငါးဖမ်းရေယာဉ်တစ်စီး ပင်လယ်ပြင်ကို ထွက်တော့မယ်ဆိုရင် ရေယာဉ်အသေးတစ်စီးကို ရေခဲအတုံး ၆၀ မှ ၁၀၀ ထိအကြီးတစ်စီးဆို ၁၂၀ မှ ၁၅၀ အထိ ကြိတ်ခွဲသိုလှောင်ပြီးမှ ထွက်ကြရပါတယ်။ အင်းလုပ်ငန်းရှိတဲ့  ယခုလို လရာသီမျိုးမှာ ရေချိုငါးအတွက် တစ်နေ့ကို ရေခဲအတုံး အနည်းဆုံး ၇၀၀ အများဆုံး ၁၀၀၀ တုံးအထိ သုံးကြရတယ်လို့ ရေချိုလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အခု ရေခဲဈေးတွေတစ်တုံးကို ၃၀၀၀ ကျပ်ကနေ ၂၀၀၀ ကျပ်ထိ ဈေးကျ သွားပါတယ်။ " စောစောပိုင်းက လျှပ်စစ်မီးပုံမှန်မရတော့ ဒီဇယ်နဲ့စက်မောင်းရလို့ ဈေးတက်သွားတာပါ။ အခုလျှပ်စစ်မီးက ပုံမှန်ပြန်လာနေလို့ ရေခဲဈေးလည်းပြန်ကျသွားတာပါ "လို့ ငါးဖမ်းရေယာဉ်ပိုင်ရှင် တစ်ဦးကပြောပါတယ်။ " ရေခဲသုံးစွဲမှုဟာ ရာသီဥတုနဲ့လည်း ဆိုင်တယ်။ ငါးများများရလေ ရေခဲသမားတွေက အလုပ်ဖြစ်လေပါပဲ။ ငါးနဲ့ရေခဲကလည်း မတွဲမဖြစ်ပဲဗျာ တင်စားပြောရရင်တော့ စွယ်တော်ရွက်အလားပဲ" လို့ ၎င်းက ပြောပါတယ်။                          မင်းဇော်မွန်