ပါကစ္စတန်ဘာစမာတီ ဆန်တင်ပို့မှု နှစ်စဉ်တိုးတက်လာသော်လည်း ဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရေး အားနည်းချက်များစွာရှိနေ
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း ပါကစ္စတန်နိုင်ငံမှ ဘာစမာတီဆန်တင်ပို့မှုက တန်ချိန် ၁၁၃၈၀၀၀ အထိ ရောက် ရှိခဲ့ရာ ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်အတွင်း တင်ပို့မှုပမာဏ တန်ချိန် ၃၄၇၀၀၀ နဲ့ ယှဉ်ရင် ၂၂၈ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း၊ ၁၀ နှစ်အတွင်း နှစ်အလိုက်တင်ပို့မှု တိုးတက်နှုန်းမှာ ပျမ်းမျှအနေနဲ့ ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ပါကစ္စတန်ဆန် တင်ပို့သူများ အသင်း(REAP) ဥက္ကဌက ပြောကြားတယ်။
ဝင်ငွေအနေနဲ့ နှိုင်းယှဉ်ရင်လည်း ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ် အတွင်း ဘာစမာတီဆန် တင်ပို့မှုမှ ကန်ဒေါ်လာ ၁၇၁ သန်းရရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၉၅၃ သန်းအထိ ရောက်ရှိခဲ့ပြီး ဝင်ငွေတိုးတက်မှုနှုန်းမှာ ၄၅၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၎င်း ၁၀ နှစ်တာ ကာလအတွင်း နှစ်အလိုက် ပျမ်းမျှဝင်ငွေ တိုးတက်နှုန်းမှာ ၄၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရတယ်။ ပါကစ္စတန် ဘာစမာတီဆန်တင်ပို့မှုနှစ်စဉ်တိုးတက်လာသော်လည်း ယခုအခါ အိန္ဒိယ ဘာစမာတီဆန် နဲ့ ယှဉ်ရင် ဈေးကွက်ယှဉ်ပြိုင်မှု အားနည်းလာကြောင်း၊ အိန္ဒိယဘာစမာတီဆန်က ပါကစ္စတန် ဘာစမာတီဆန်ထက် တစ်တန်ကို ဒေါ်လာ ၂၀၀ ဈေးသက်သာနေကြောင်း (REAP) ဥက္ကဌကပြောကြားတယ်။ ဒါ့အပြင်စပါး စိုက်ပျိုးရေးအတွက် လောင်စာ ဆီရရှိမှု အခက်အခဲတွေရှိနေတဲ့အပြင် ရိတ်သိမ်းမှုနည်းပညာတိုးတက်မှုလည်း အားနည်းလျက်ရှိတယ်။ စပါးတွေမှာ ဆန်ကွဲအကျိုးအကြေ ၂၅ ရာခိုင်နှုန်းအထိ ပါဝင်နေခြင်း၊ အစိုဓါတ် ၂၆ ရာခိုင်နှုန်းကျော် ပါဝင်နေခြင်းတိ့ုကလည်း ပါကစ္စတန်ဘာစမာတီဆန်ကို နိုင်ငံတကာ ဈေးကွက်ချဲ့ထွင်ရာမှာ အားနည်းချက်ဖြစ်စေပြီး ဘာစမာတီဆန် စိုက်ပျိုး သူများအသင်း(BGA) အနေနဲ့ ကွပ်ကဲထိန်းချုပ်သွားဖို့ လိုအပ်တယ်လိ့ု REAP ဥက္ကဌက အကြံပြုထားတယ်လိ့ု သိရ တယ်။ Source:nation.com.pk, ပပ
