အာရှဆန်ဝယ်ယူမှုပါးပြီး သိုလှောင်မှုများလို့ ဈေးလျော့ကျ
ဆန်ဝယ်လက်များက အစိုးရကြားဖြတ်ဆောင်ရွက်မှုထဲမှ ဆန်များရှင်းလင်းခြင်းနဲ့ စပါးသစ်များ ဈေးကွက် အတွင်း ဝင်လာချိန် လာမယ့်လတွေမှာ ဈေးကျဆင်းဖွယ်ရှိတဲ့အပေါ် အဝယ်စောင့်ဆိုင်းနေတဲ့အတွက် လွန်ခဲ့တဲ့တစ်ပတ်မှာ ထိုင်းဆန် ဈေးကွက်အတွင်း အဝယ်အသစ်မရှိဘူးလို့ ကုန်သည်များကဆိုပါ တယ်။ တောင်သူတွေဆီကစပါးကို ဈေးမြင့်ပေးဝယ်ယူခြင်း ဖြင့် တောင်သူတွေကို ထောက်ပံ့မှုပေးတဲ့ ထိုင်းအစိုးရကြားဖြတ် အစီအစဉ်က ယခုလကုန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကို နောက်ထပ်ရန်ပုံငွေ ကန်ဒေါ်လာ ၁၃ ဘီလီယံခန့်နဲ့ နောက်လမှာ ပြန်လည် စတင်မယ်လို့ အစိုးရက ဆိုပါတယ်။ ဒါပေမဲ့ အသုံးစရိတ်ကို အစိုးရအဖွဲ့ဝန်ကြီးများဟာ အတည်ပြုခြင်းမရှိသေးလို့ ဝယ်ယူရေးအစီအစဉ်ကို အချိန်မီ စတင်နိုင်ဖွယ်မရှိဘူးလို့သိရပါတယ်။ထိုင်း ၁၀၀ မှတ်အဆင့် B ဆန်ဖြူဈေးဟာ FOB တစ်တန်ကန်ဒေါ်လာ ၆၀၀ မှာ ငြိမ်နေပြီး၊ ၅ မှတ်ဆန်ဈေးမှာလည်း ကန်ဒေါ်လာ ၈၅၈ နဲ့ပြောင်းလဲခြင်း မရှိဘူးလို့ဆိုပါတယ်။ ၂၀၁၂-၂၀၁၃ အဓိကစပါးရိတ်သိမ်းမှု စတင်နေပြီဖြစ်ပြီး၊ စပါးတန်ချိန် ၂၅ သန်းခန့်ထွက်ရှိဖွယ်ရှိလို့ နောက် သီတင်းပတ်တွေမှာ ထိုင်းဆန်ဈေးကျဆင်းဖွယ်ရှိနေပါတယ်။ ထိုင်းနဲ့အိန္ဒိယမှာ လက်ကျန်သိုလှောင်မှုတွေ များနေတာကို ဝယ်လက်နိုင်ငံတွေသိထားပြီးဖြစ်သလို အဲဒီ ၂ နိုင်ငံက နောက်နှစ်မှာလည်း စပါးအထွက်များဖွယ် ရှိလို့ဈေးကျဆင်းမယ်လို့ မျှော်လင့်နေကြပြီး၊ ဆန်ဝယ်ယူမှုကို အလျင်စလို ဆောင်ရွက်ခြင်းမရှိဘူးလို့ ဘန်ကောက် အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ရောင်းဝယ်ရေးကုမ္ပဏီများက အကယ်လို့ ထိုင်းအစိုးရက မူဝါဒပြောင်းလဲပြီး သိုလှောင်ဆန်တွေ ထုတ်ရောင်း မယ်ဆိုရင် ဈေးနှုန်းကျဆင်းပြီး၊ ကမ္ဘာ့ဈေးကွက်တွေကို ကြီးမားစွာထိခိုက်စေနိုင်တဲ့အတွက် ကာလတိုအတွင်း ၎င်းင်းတို့ရဲ့ရောင်းဝယ်မှု တွေကို အပြန်ပြန်အလှန်လှန်ချုပ်ဆိုနေကြတယ်လို့ ဟိုချီမင်းမြို့ရှိ အီးယူကုမ္ပဏီတစ်ခုမှ ကုန်သည်တစ်ဦးမှဆိုပါတယ်။ ဗီယက်နမ်ဆန်ကိုလည်း ဝယ်လိုအားအသစ်မရှိလို့ ယခုတစ်ပတ်မှာ ဈေးအနည်းငယ်လျော့ကျတယ်လို့ ကုန်သည်တွေကဆိုပါတယ်။ ဗီယက်နမ် ၅ မှတ်ဆန်ဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကန်ဒေါ်လာ ၄၅၅ ရှိခဲ့ပြီး၊ ယခုအခါ ကန်ဒေါ်လာ ၄၅၀-၄၆၀ ရှိခဲ့ပြီး၊ ၂၅ မှတ်ဆန်ဈေးမှာလည်း ကန်ဒေါ်လာ ၄၂၅ ရှိရာမှ ကန်ဒေါ်လာ ၄၂၀-၄၃၀ နဲ့ သတ်မှတ်ကြတယ်လို့သိရပါတယ်။ လတ်တလောမှာ ဈေးကွက်တွေကို ဆန်အသစ်ဝင်ရောက်လာခြင်း မရှိသေးပေမဲ့ ဝယ်လို အားပါးနေလို့ ဆန်ဈေးအနည်းငယ်လျော့ကျတယ်လို့ မဲခေါင်ပြည်နယ်အခြေစိုက် ပြည်ပ တင်ပို့သူတစ်ဦးကဆိုပါတယ်။ ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ဗီယက်နမ်ဆန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်ထက် ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၆ ဒသမ ၂ သန်းခန့်ရှိတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကဆိုပါတယ်။ အိန္ဒိယဆန်တင်ပို့မှု အရောင်း အဝယ်မရှိတာကြောင့် ပြည်ပတင်ပို့ဈေးက ပြီးခဲ့တဲ့တစ်ပတ်လိုဘဲ FOB တစ်တန်ကန်ဒေါ်လာ ၃၉၅-၄၄၅ ဈေးမှာရှိနေပါ တယ်။ လဝန်း ၊Source: Reuters
