ဧရာဝတီကောက်စောစပါး စတင်ရိတ်သိမ်းပြီ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၂-၂၀၁၃ ခုနှစ်ထွက် ကောက်စော(မိုး) စပါးများ စတင်ရိတ်သိမ်းနေပါတယ်။ ကျောင်းကုန်းမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု တောင်သူဦးမြဝင်းရဲ့ လယ်မြေရှိ ရတနာတိုးစပါး ၃ ဧကကို ရိတ်သိမ်းခဲ့ ကြောင်း၊ ခြွေလှေ့စက်နဲ့ ခြွေလှေ့ပြီးလျှင် ပြီးချင်း (စက်ကျ) စပါးတစ်တင်းအစို ၅၂ ပေါင် တင်း ၁၀၀ ကို ၃၅၀၀၀၀ ကျပ်ဈေးနဲ့ စပါးတင်း ၂၀၀ ရောင်းချပြီးကြောင်း၊ တစ်ဧက ၈၀ တင်းနှုန်းဖြင့် စပါးတင်း ၂၄၀ ကျော် ထွက်ရှိကြောင်းနဲ့ ကုန်သည်မှ ၃-၄ ရက်နေလှန်းပြီး စပါးအဖြစ် ပြန်လည်ရောင်းချခဲ့ကြောင်း သိရှိရပါတယ်။
အလားတူ ကွင်းကြီးကျေးရွာမှ တောင်သူဦးနိုင်စိုးရဲ့ လယ် ၂ ဒသမ ၂၀ ဧကမှ ရတနာတိုးစပါး တင်း ၂၀၀ ကျော် ရိတ်သိမ်းထွက်ရှိကြောင်းနဲ့ ကံကလေး၊ ကွမ်းခြံကုန်းစတဲ့ ကျေးရွာအုပ်စုများမှ ကောက်စောစပါးများဖြစ်တဲ့ ဆင်းနွယ်ရင်၊ သီးထပ်ရင်၊ ပခန်းရွှေဝါအစရှိတာတွေကို ရိတ်သိမ်းခြွေလှေ့ပြီး ၃-၄ ရက်ခန့် နေလှန်းကာ ရေကျနောက်စိုက် လယ်မြေများမှာ ပေါင် ၅၀ (သို့) ၁၆ ပြည် ၄ လုံး၊ ၁၇ ပြည်စသဖြင့် တောင်သူအချင်းချင်း မျိုးစပါးအဖြစ် ဖြန့်ဝေရောင်းချ လျက်ရှိကြောင်းနဲ့ ကြိတ်ခွဲတင်ပို့ရောင်းချမှုမရှိသေးကြောင်း သိရှိရပါတယ်။ ရိတ်သိမ်းခြွေလှေ့ခအနေနဲ့ တစ်ဧက ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ရှိပြီး နေလှန်းအလျော့ ၁၅ တင်းမှ ၂၀ တင်းရှိကြောင်း သိရပါတယ်။ ဧရာဝတီ
