ဗီတာမင်အေ ချို့တဲ့ပါက မျက်စိကွယ်သည်အထိ ဖြစ်လာနိုင်

ဗီတာမင်အေချို့တဲ့မှုများပြားလာပါက အမြင်အာရုံလျော့နည်းလာခြင်းမှ မျက်စိကွယ်သည် အထိ ဖြစ်လာနိုင်ကြောင်း အထူးကုဆရာဝန်ကြီးများက ပြောသည်။ ဗီတာမင်အေသည် လူ့ခန္ဓာကိုယ်အတွင်းရှိ တစ်သျှူးများခြောက်မသွားအောင် အထောက် အကူပေးရုံမက မျက်စိအမြင်အားကောင်းစေရန် များစွာအထောက်အ ကူပေးကြောင်း မျက်စိအထူးကုဆရာဝန်ကြီး တစ်ဦးကပြောသည်။ "ဗီတာမင်အေချို့တဲ့ရင်အဓိကဖြစ်တာက အမြင်အာရုံလျော့နည်းတာပဲ။ ဒီကနေတစ်ဆင့် မျက်စိကွယ်နိုင် ပါတယ်။ ဒါကြောင့် ဗီတာမင်အေကို ရရှိနိုင်မယ့်အစားအစာတွေကို စားသုံးရမယ်။ ငါးကြီးဆီ၊ ကြက်ဥ၊ ဘဲဥတို့ရဲ့ အဝါရောင် အနှစ်၊ ကန်စွန်းဥ၊ မုန်လာဥ အဝါရောင်ဟင်းသီးဟင်းရွက်နှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ရနိုင်တယ်"ဟု အထက်ပါ ဆရာဝန်ကြီးမှ သိရသည်။

လူ့ခန္ဓာကိုယ်အတွက် ဗီတာမင်ပြည့်ဝသည့် အစားအစာများကို ညီညွတ်မျှတအောင်စားသုံးခြင်းဖြင့် ရောဂါများ ကင်းပြီး အသက်ရှည်စွာ နေနိုင်မည်ဖြစ်သည်။ သို့သော် ဗီတာမင်များ လိုအပ်သည်ထက်ပိုပါက အန္တရာယ်ရှိကြောင်း ဆရာဝန်ကြီးက ပြောသည်။ ဗီတာမင်အေကို လိုသည်ထက်ပို၍ စားသုံးမိပါက မျက်လုံးမဝါဘဲအသား ဝါခြင်း ဖြစ်တတ်ကြောင်း သိရသည်။ ပုံမှန်စားသုံးသည့်အစားအသောက်များတွင် ဗီတာမင်အေရရှိမှု နည်းပါးနေပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဖြည့်စွက် ဆေးဝါးများ သောက်သုံးရန်လိုအပ်ကြောင်း သိရသည်။