ကြားဖြတ်ဆောင်ရွက်မှုကြောင့် ဒေသတွင်းရောင်းဝယ်မှု ပုံပျက်ပြားစေပြီး ထိုင်းဆန်ဈေးလျော့ကျလာ

ထိုင်းဆန်စပါး အပေါင်ခံအစီအစဉ်ကြောင့် ထိုင်းအစိုးရ သိုလှောင်မှုထဲကို အိမ်နီးချင်းနိုင်ငံတွေက ဆန်များ တရားမဝင် တင်သွင်းဖို့ဖြစ်လာကာ အရှေ့တောင်အာရှတစ်ဝန်း ဆန်ရောင်းဝယ်မှု ပုံပျက်ပြားခဲ့ပါတယ်။ ဒါပေမယ့် ဆန်လုပ်ငန်းကတော့ နည်းနေဆဲဖြစ်ပြီး၊ ယခုတစ်ပတ် ထိုင်းဆန်ဈေးကျဆင်းလာခဲ့ပါတယ်။ ကမ္ဘောဒီးယား နဲ့ မြန်မာနိုင်ငံက ဈေးသက်သာတဲ့ ဆန်များက အစိုးရသိုလှောင်ရုံထဲကိုရောက်ရှိလာနေပြီး၊ ဗီယက်နမ်စပါး တန် ၅ သိန်းလောက်လည်း ကမ္ဘော့ဒီးယားနိုင်ငံမှတဆင့် တရားမဝင်ဝင်ရောက်မှုရှိနိုင်တယ်လို့ အချို့လေ့လာ ဆန်းစစ်သူများက သုံးသပ်ကြပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ပုံမှန်အနေနဲ့ ၎င်း ရဲ့ ဆန်တင်ပို့မှုမြင့်တက်အောင် နှစ်စဉ်ကမ္ဘောဒီးယား စပါးတန်ချိန် သန်းအနည်း ငယ်ကို တင်သွင်းလျက်ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကမ္ဘောဒီးယားနယ်စပ်မှဖြတ်ပြီး၊ ထိုင်းနိုင်ငံအတွင်းကို ဗီယက်နမ် စပါးများပင်လျှင် တရားမဝင်တင်သွင်းခဲ့တယ်လို့ စိုက်ပျိုးရေးစောင့်ကြည့်မှုအဖွဲ့ မှ လေ့လာဆန်းစစ်သူ Pham  Quang  Dian  မှ ပြောကြားပါတယ်။ ယခုနှစ် စပါးရရှိမှု ကျဆင်းခြင်းက ဗီယက်နမ်အစိုးရရဲ့ ဆန်တင်ပို့မှုလျာထားချက် ဆန်တန်ချိန် ၇ ဒသမ ၂ သန်းခန့်ကို ပြည့်မီမှာမဟုတ်ဘူးလို့လည်း ၎င်းင်းကဆိုပါတယ်။ စပါးမလုံလောက်တဲ့အတွက် ဆန်တန်ချိန် ၇ သန်းခန့်သာ တင်ပို့နိုင်မယ်လို့လည်း ၎င်းင်းကဆိုပါတယ်။ထိုင်းအစိုးရက စပါးတစ်တန် ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၄၉၀)ဈေးနဲ့ ဝယ်ယူနေပါတယ်။ ထိုင်းနိုင်ငံကို တင်ပို့ရင် ဗီယက်နမ်စပါး တစ်တန် ကန်ဒေါ်လာ ၄၄၀ ဝန်းကျင်ရှိပြီး၊ ကမ္ဘောဒီးယားစပါးက တစ်တန် ၃၃၀ ဒေါ်လာခန့် ကုန်ကျတဲ့ အတွက် တရားမဝင်ရောင်းချသူများက ထိုင်းအစိုးရကို ရောင်းချရင် အကျိုးအမြတ်ပိုမိုရရှိနေပါတယ်။ အစိုးရရဲ့ ကြားဖြတ် အစီအစဉ်ကို ဝေဖန်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ထိုင်းအာဏာပိုင်များဟာ အဲဒီလို တရားမဝင်ရောင်းဝယ်မှုတွေကို အရေးယူဖို့ စတင်နေပြီဖြစ်ပါတယ်။  တရားရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဌာန (DSI)မှ ဘန်ကောက်အရှေ့ဘက် ၁၅၀ မိုင်အကွာ၊ Sa  Kaco ပြည်နယ်၊ ကမ္ဘောဒီးယားနယ်စပ်မှာ လွန်ခဲ့တဲ့ သီတင်းပတ်က တရားမဝင် စပါး ၁၈၀ တန်ကို ဖမ်းဆီးခဲ့တယ်လို့ DSI  ခေါင်းဆောင် Tarit  Pengdith  မှ ပြောကြားပါတယ်။ မြန်မာနဲ့ အရှေ့ဘက်နယ်စပ်မှာလည်း Tak  ပြည်နယ်မဲဆောက်ခရိုင်အတွင်း ထရပ်ကားနဲ့ သယ်ယူလာတဲ့ စပါး ၁၀ တန်ကို သိမ်းဆည်း ခဲ့ပြီး၊ ဒေသကုန်သည်များကို ဖမ်းဆီးခဲ့ပါတယ်။စက်တင်ဘာလကုန်မှာပြီးဆုံးတဲ့ ၂၀၁၁-၁၂ သီးနှံရာသီမှာ ထိုင်းအစိုးရအနေနဲ့ ၎င်းင်းတို့ကမ်းလှမ်းခဲ့တဲ့အတိုင်း စပါး ဝယ်ယူခဲ့ရာ သိုလှောင်မှုများစွာရှိနေပြီး ကုန်သည်များနဲ့ လေ့လာဆန်းစစ်သူများက ဆန်တန်ချိန် ၁၂ သန်းဝန်း ကျင်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ မကြာသေးခင်က အစိုးရမှ ၎င်း ရဲ့ ဆန်သိုလှောင်မှုပမာဏကို တန်ချိန် ၄ သန်း သို့မဟုတ် ၅ သန်းဝန်းကျင်ကို လျှော့ချပြောကြားခဲ့ပေမယ့် အခြားနိုင်ငံအစိုးရများကို ရောင်းချခဲ့တဲ့ ပမာဏနဲ့ တင်ပို့မှုတို့ကို အတိအလင်းမပြောကြားဘူးလို့ သိရပါတယ်။ ဆိပ်ကမ်းတင်ပို့မှု မရှိခြင်းတွေကြောင့် အစိုးရအချင်းချင်း ရောင်းဝယ်မှုကို ကုန်သည်များက သံသယဖြစ်လျက် ရှိကြောင်း သိရပါတယ်။ သိုလှောင်ဆန်များဈေးကွက်မှာ များနေခြင်းနဲ့ ထိုင်းနိုင်ငံအနေနဲ့ အဓိကစပါးရိတ်သိမ်းနေပြီဖြစ်လို့ ယခုတစ်ပတ်အတွင်း ဆန်ဈေးကျဆင်းနေပါတယ်။ ဈေးကွက်တွေကို ဆန်ပိုမိုရောက်ရှိလာတော့မှဖြစ်လို့ ပြည်ပ တင်ပို့သူများဟာ ဈေးအနိမ့်နဲ့ ကမ်းလှမ်းကြတော့မယ်လို့ ဆိုပါတယ်။                       လမင်း၊ Source: bangkok  post