မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်များမှာ ကောက်စောစပါး ရိတ်သိမ်းထွက်ရှိနေပြီ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်များမှာ အောက်တိုဘာလဆန်းပိုင်း ကစပြီး ၂၀၁၂-၂၀၁၃ ခုနှစ် မိုးကောက်စောစပါးများ စတင်ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ် ရာ မြောင်းမြမြို့ နယ် လေးအိမ်တန်းကျေးရွာ တောင်သူ ဦးဝင်းဌေးရဲ့ ကောက်စောမနောသုခစပါး ၅ ဧကရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း ပေါင် ၅၀ ကိုက် ၆၅ တင်းထွက်ရှိကြောင်းနဲ့ တောင်သူ ဦးစိုးလွင်ရဲ့ ကောက်စော ဆင်းသွယ်လတ်စပါး တစ်ဧကရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်း ပေါင် ၅၀ ကိုက် တင်း ၆၀ ထွက်ရှိကြောင်း၊ ကြာဖူးငုံ လက်ပန်ကျေးရွာ တောင်သူ ဒေါ်စကီနာရဲ့ ရွှေသွယ်သီးထပ် တစ်ဧက ကိုရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း ၆၂ တင်းခန့် ထွက်ရှိကြောင်းနဲ့ ယခုအထွက်တင်းများမှာ နေလှန်း အခြောက်ခံထားသော အထွက် တင်းများဖြစ်ကြောင်း သိရပါတယ်။

အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာ တောင်သူ ဦးမျိုးခိုင်ရဲ့ ဆင်းသုခ တစ်ဧကရိတ်သိမ်းရာ အစိုအတိုင်း ၅၀ ပေါင်ဖြင့် ၇၅ တင်း ထွက်ရှိပြီး၊ တောင်သူ ဦးအောင်ထွန်းကြည်ရဲ့ ဆင်းသုခတစ်ဧက ရိတ် သိမ်းရာ အစိုအတိုင်း ပေါင် ၅၀ ဖြင့် ၇၂ တင်းထွက်ရှိကြကြောင်း သိရပါတယ်။ တောင်သူများအနေဖြင့်လည်း မိမိစပါးများကို ဆန်စက် ပိုင်ရှင်များ၊ ကုန်သည်ပွဲစားများသို့ ရောင်းချနေရာ အစိုဓာတ် ၁၅ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်းရှိ စပါးများကို ပေါင် ၅၀ ဖြင့် တင်း ၁၀၀ ကို ကျပ် ၄ သိန်းမှ ကျပ် ၄ သိန်း ၁ သောင်းထိ အရောင်းအဝယ်ဖြစ် နေကြောင်းနဲ့ အစိုဓာတ်များပါက ပေါင်ပိုဆောင်းပြီး ဝယ်ယူနေ ကြောင်း သိရပါတယ်။                     ကျော်လင်း-မြောင်းမြ