၂၀၁၁-၁၂ အတွင်း တရုတ်နိုင်ငံကို ပါကစ္စတန် ဆန်တန်ချိန် ၈ သိန်းကျော်တင်ပို့
ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံကို ဆန်ရောင်းချမှု အများဆုံးထဲက တစ်နိုင်ငံဖြစ်လာခဲ့ပြီး၊ ယခုနှစ် တရုတ်နိုင်ငံမှ တင်သွင်းမှုတန်ချိန် ၂ သန်းဝန်းကျင်ခန့်ရဲ့ ၄၀ရာခိုင်နှုန်း သို့ မဟုတ်တန်ချိန် ၈ သိန်းကျော်တင်သွင်းခဲ့ကြောင်း oryza. com သတင်းအရ သိရပါတယ်။ ၂၀၁၁ မှာ တရုတ်နိုင်ငံရဲ့ စုစုပေါင်းဆန်တင်သွင်းမှု တန်ချိန် ၆ သိန်းကို ပါကစ္စတန်က ရောင်းခဲ့ရာမှ ယခုနှစ် ပြည်တွင်းစားသုံးမှု မြင့်တက်တာ ကြောင့် နိုင်ငံရဲ့ အဓိကထိပ်တန်းဆန် တင်သွင်းသူ ဖြစ်လာ ခဲ့ပါတယ်။
ပါကစ္စတန် ဆန်ကုန်သည်များရဲ့ ပြောကြားချက်အရ ၂၀၁၂ ခုနှစ်စမှ စက်တင်ဘာလကုန်အထိ တရုတ်နိုင်ငံကို ဆန်တန်ချိန် ၈ သိန်းအထိ စံချိန်တင် တင်ပို့ခဲ့ကြောင်း၊ ဝယ် လိုအား ကြီးထွားနေကြောင်းလည်း သိရပါတယ်။ ပါကစ္စတန် ၅မှတ်ဆန် ပျမ်းမျှဆန်ဈေးမှာ ကန်ဒေါ်လာ ၄၃၅ ဝန်းကျင် ရှိရာမှ တရုတ်နိုင်ငံအတွင်း အရည်အသွေးတူ အခြားဆန် ဈေးမှာ ကန်ဒေါ်လာ ၅၀၀ ကျော်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံအနေနဲ့ သယ်ယူပို့ဆောင်ခနှုန်းထားက တစ်တန်ကန်ဒေါ်လာ ၁၀ အောက်သာကုန်ကျ လို့ ဈေးအနိမ့် နဲ့ ရောင်းချနိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်က လည်း ဈေးနှုန်းယှဉ်ပြိုင်နိုင် တဲ့ ဈေးနဲ့ရောင်းချလျက်ရှိပေမယ့် တရုတ်လူမျိုးများက အရသာနဲ့အနံ့မွှေးတဲ့ ပါကစ္စတန်ဆန် ကို အခြားနိုင်ငံဆန်များထက် ပိုနှစ်သက်တယ်လို့ ဆိုပါတယ်။လမင်း
