သိုလှောင်ရန် ဆန်ပမာဏ တိုးလာတဲ့အတွက် ထိုင်းအစိုးရမှ သိုလှောင်ရုံများ ငှားရမ်းပေးရန် စီစဉ်
အစိုးရထံ စပါးအပေါင်ခံစာချုပ်စနစ်နဲ့ ဆန်ရောင်းချတဲ့ ဒုတိယနှစ်ကာလမှာ လိုအပ်ချက်အရ နိုင်ငံ တစ်နိုင်ငံလုံးမှာ သိုလှောင်ရုံအလုံး ၁၈၀ အား အငှားချသွားရန် ထိုင်းအစိုးရမှစီစဉ်လျက်ရှိပါတယ်။ စပါးအပေါင်ခံ စာချုပ်စနစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလကစတင်ခဲ့တာဖြစ်ပြီး ယခုကာလဟာ ထိုစနစ်ကျင့်သုံးမှုရဲ့ ဒုတိယနှစ် ကာလအတွင်းကို ရောက်ရှိ နေပြီဖြစ်ပါတယ်။
ဆန်စက်ပိုင်ရှင် ၈၀၀ ခန့်ဟာ အပေါင်ခံစာချုပ်စနစ်နဲ့လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ စပါးဝယ်ယူပြီးနောက် (၇)ရက်အတွင်းမှာကြိတ်ဖွပ်ပြီး ဆန်များကို သိုလှောင်ရုံများသို့ပေးပို့ရန် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ အစိုးရအနေနဲ့ သိုလှောင်ရုံ အလုံး ၆၀ ကို ဆန်သိုလှောင်ရန် ရှေးဦးစွာလျာထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆန်တင်ပို့ မှု လျော့ကျခဲ့ခြင်း၊ အိမ်နီးချင်း နိုင်ငံများမှာ စပါးများတရားမဝင် ဝင်ရောက်မှုများရှိတဲ့အတွက် ဆန်သိုလှောင်ရန် သိုလှောင်ရုံအခက်အခဲများကို ဖြေရှင်းနိုင်ရန် အစိုးရမှစီစဉ်နေခြင်းဖြစ်ပါတယ်။ ဇန်နဝါရီလတတိယပတ်အစောပိုင်းမှာ ဆန်စက်ပိုင်ရှင်များကိုယ်စားလှယ်က အစိုးရအနေနဲ့ ၎င်းတို့ကို သိုလှောင်ရုံများ ထပ်မံ စီစဉ်ပေးနိုင်ခြင်းမရှိလျှင် ၎င်းတို့မှာ ဆန်သိုလှောင် ရန် နေရာမရှိတော့ တဲ့ အတွက် တောင်သူများထံမှ စပါးဝယ်ယူမှုကို ရပ်နားထားရတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆန်စက်များမှ ကြိတ်ဖွပ်ပြီး သိုလှောင်ရုံများသို့ဆန်ပို့တဲ့အခါမှာ သိုလှောင်ရုံအခက်အခဲရှိတဲ့အတွက် တစ်ပတ်ခန့်အချိ န်ပေး စောင့် ဆိုင်းနေရကြောင်းနဲ့ စပါးကြိတ်ခွဲမှုကိုလည်း ရပ်နား ထားရကြောင်း ဆန်စက်ပိုင်ရှင်ကိုယ်စားလှယ်က အခြေအနေကို တင်ပြခြင်းအပေါ် ဆန်စက်ပိုင်ရှင်များရဲ့တောင်းဆိုချက်အရ ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်ပတ် အတွင်း ဆန်သိုလှောင်နိုင်ရန် သိုလှောင်ရုံ ၁၈၀ ကို ခွဲဝေပေးလိုက်တာ ဖြစ်ပါတယ်။ ယခုနှစ်တွင် ထိုင်းနိုင်ငံအနေနဲ့ စပါး တန် ၁၂ သန်း ဝယ်ယူရန်ရည်ရွယ်ထားပြီး ယမန်နှစ်ကဝယ်ယူသော ပမာဏ အတိုင်းပင် ဖြစ်ပါတယ်။ စပါးတန် ၉ သန်းကို အစိုးရအနေနဲ့ ယခုစပါးရိတ်သိမ်းချိန်အတွက် စပါးအပေါင်ခံ စာချုပ်စနစ်နဲ့ ဝယ်ယူထားပြီးဖြစ်တယ်လို့ အစိုးရကပြောပါတယ်။ အပေါင်ခံစာချုပ်နဲ့ ဝယ်ယူတဲ့စနစ် အရ တောင်သူ များဟာ ဆန်ဖြူစပါး တစ်တန်ကို ၄၉၈ ဒေါ်လာနှုန်းရရှိပြီး ဆန်မွှေးစပါးကို ၆၆၅ ဒေါ်လာနှုန်းနဲ့ ရရှိစေခဲ့တယ်လို့ အင်တာနက်သတင်းအရ သိရပါတယ်။ CMK
