၂၀၁၃ ခုနှစ်အား ဆန်တင်ပို့ရန် ခက်ခဲမှုရှိနိုင်တဲ့နှစ်အဖြစ် ဗီယက်နမ် သုံးသပ်
၂၀၁၃ ခုနှစ်ဟာ ဗီယက်နမ်နိုင်ငံအတွက် ဆန်တင်ပို့ရန်အခက်အခဲရှိတဲ့နှစ်အဖြစ်သုံးသပ်လျက်ရှိပါတယ်။ အကြောင်း ကတော့ ကမ္ဘာ့ဆန်ထုတ်လုပ်တင်ပို့တဲ့ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့မှ ဆန်တင်ပို့မှုအရှိန် အားကောင်းနေတဲ့ အတွက်ဖြစ်ပါတယ်။
ဗီယက်နမ်စားသောက်ကုန်အသင်း VFA ရဲ့ အစီရင်ခံစာမှာတော့ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်အမြောက်အမြား ရှိနေခြင်းဟာ ပြည်တွင်းဆန်လုပ်ငန်းရှင်များအပေါ် ဖိအားပေးရာရောက်လျက်ရှိနေတယ်လို့ ထည့်သွင်းဖော်ပြ ထားပါ တယ်။ VFA အသင်းဥက္ကဋ္ဌ Truong Thanh Phong က ၂၀၁၂ ခုနှစ်အတွင်းက ဆန်တန်ချိန် ၇၈၀၀၀၀ ကို စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ဆန်တန်ချိန်ရဲ့ ၄၀ ရာခိုင်နှုန်းဟာ တင်ပို့ရန် ဆိုင်းငံ့နေတယ် လို့ပြောကြားခဲ့ပါတယ်။ အခြားနိုင်ငံများကလည်း ဗီယက်နမ်နိုင်ငံရဲ့ဆန်ဈေးကို တစေ့တစောင်းလေ့လာမှုတွေ ရှိနေတဲ့အတွက် မိမိတို့အနေနဲ့ဆန် တင်ပို့ရောင်းချမှုစီမံခန့်ခွဲရာမှာ လိမ်မာပါးနပ်စွာညှိနှိုင်းရောင်းချသွားရမယ် လို့ ပြောကြားပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ၂၀၁၃ ပထမလေးလပတ်မှာ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းတင်ပို့ရန် လျာထား ထားတာဖြစ်ပါတယ်။ သိုလှောင်ထားသော ဆန်တန်ချိန် ၈ သိန်းရှိပြီး ဆောင်းသီနှံ ရိတ်သိမ်းလျှင် ဆန်တန်ချိန် ၃ ဒသမ ၈ သန်းရရှိမယ်လို့ခန့်မှန်းထားပါတယ်။ အသင်းအနေနဲ့၂၀၁၃ ခုနှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၅ သန်းတင်ပို့ရန်ရည်ရွယ်ထားပြီး ၂၀၁၂ ခုနှစ် တင်ပို့မှုထက် အနည်းငယ်သာလျော့နည်းခဲ့ဖြစ်ပါတယ်။ ယမန်နှစ်က ဆန်တင်ပို့မှုဟာ တန်ချိန် ၇ ဒသမ ၇၂ သန်းထိ စံချိန် တင်ခဲ့ပြီးတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံရရှိခဲ့ပါတယ်။ ၎င်း တို့ဟာ FOB စနစ်နဲ့ရောင်းချခဲ့တာ ဖြစ်ပါတယ်။ တန်ချိန်အားဖြင့် ၂၀၁၁ ခုနှစ်ထက် ၈ ဒသမ ၃ ရာခိုင်နှုန်းပိုမိုခဲ့သော်လည်း တန်ဖိုးအားဖြင့် ၂ ရာခိုင်နှုန်း ခန့်လျော့နည်းရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ပျမ်းမျှဆန်တစ်တန် FOB ဈေးနှုန်းဟာ ကန်ဒေါ်လာ ၄၄၆ ဒသမ ၈၆ ဖြစ်ပြီး ၂၀၁၁ ခုနှစ်ဈေးထက် ၄၆ ဒသမ ၈၅ ဒေါ်လာလျော့နည်းရရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်ကလည်း ဆန်တင်ပို့မှုမှာအခက်အခဲနဲ့ကြုံတွေ့ခဲ့ရကြောင်း၊ အကြောင်းမှာအိန္ဒိယ၊ ပါကစ္စတန်နဲ့မြန်မာစတဲ့နိုင်ငံများနဲ့ ဈေးကွက်ကိုယှဉ်ပြိုင်ခဲ့ရတဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီယက်နမ်နိုင်ငံဟာ နှစ်ကုန်တဲ့အချိန်မှာတော့ ပမာဏများစွာတင်ပို့နိုင်ခဲ့တဲ့ အပြင် ပြည် တွင်း ဈေးကွက်တည်ငြိမ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ တောင်သူများအားအထောက်အပံ့ပေးရန် အတွက် လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မှန်ကန်သောသုံးသပ်ချက်နဲ့ဝန်ကြီးဌာနနဲ့အေဂျင်စီများအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အတွက် တောင်သူ လယ်သမားများအတွက် အရန်ဆန်အဖြစ်သိုလှောင်ထားရမဲ့ပမာဏကို ဆုံးဖြတ်ေ ပးနိုင်ခြင်း ကြောင့် ပြည်တွင်းဆန် ဈေးကို ဆိုးဆိုးရွားရွားကျဆင်းခြင်းမှ ကာကွယ်ပေးနိုင် ခဲ့ပြီး ပြည်ပဆန် ကုန်သည်များနဲ့လည်း အရောင်းအဝယ်စာချုပ်များ ချုပ်ဆို နိုင်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဟိုချီမင်းမြို့တော်မှာကျင်းပခဲ့တဲ့ညီလာခံမှာ ယခုနှစ်ဆန် ပြည်ပတင်ပို့ရာမှာ ကြုံတွေ့ရနိုင်တဲ့အခက်အခဲများ သက်သာစေရန်အတွက် မူဝါဒအသစ်များကို မကြာမီထုတ်ပြန်ပေးသွားမယ်လို့ ထုတ်ပြန် ခဲ့တယ်လို့သိရပါတယ်။ Source:VOV, CMK
