မန္တလေးဈေးကွက်မှာ ပဲမျိုးစုံဈေးမာပြီး နှမ်းမျိုးစုံ ဈေးကျလာ

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်း နဲ့ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ် ပုံမှန်ဖြစ်လို့ ဈေးမာလာပြီး နှမ်းဖြူ၊နှမ်းနက်၊ စမုံနှမ်းနဲ့ နှမ်းညိုကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီ စက်တွေ ဝယ်လိုအားလျော့လို့ ယခင်အပတ်နဲ့စာရင် ဈေးကအကျ ဘက်မှာရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဒီရက်ပိုင်းမှာ မန်း ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ မတ်ပဲ(သစ်)တွေကို မြို့ခံပဲခွဲစက်များ နဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ကျောက်ဆည်၊ ရွှေဘိုနဲ့ တံတားဦးဘက်မှ မန်းဈေး ကွက်သို့ ဝင်ရောက်လာတဲ့ ပဲစင်းငုံနီ(သစ်)တွေကို ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်များက ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေ အပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ် (တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်သွက် နေတဲ့ ပဲတီစိမ်းကြီးကိုတော့ တရုတ်ဝယ်လက်က နှစ်ကူးမတိုင်မီဝယ် အားသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာ ရှိ နေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းတစ်ပိဿာ ၁၁၉၁ ကျပ်(တစ်တန်ကို ၇၂၉၃၅၆ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀၀ နဲ့အထက်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲလွန်းဖြူကိုတော့ တရုတ် အဆွဲပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်း ပုံမှန်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၁၇ ကျပ်(တစ်တန်ကို ၆၂၂၈၀၀ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲခွဲစက် တွေနဲ့ အမှုန့်ကြိတ်စက်တွေ ဝယ်လိုအားပုံမှန်ရှိနေတဲ့ ကုလားပဲဖြူ လုံးကြီးကတော့ ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွားပြီမို့ ဈေးကယခင်အပတ်နဲ့ စာရင် ဈေးမြင့်သွားတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်ပိဿာကို ၈၅၆ ကျပ် (တစ်တန်ကို ၅၂၄၂၀၅ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်နဲ့ ဒေသ တွင်းဆီစက်လုပ်ငန်းရှင်များ တောက်လျှောက်ဝယ်အားသွက်ခဲ့တဲ့ နှမ်း မျိုးစုံကို ဒီတစ်ပတ်မှာ တရုတ်ဝယ်လက်က နှစ်ကူးပွဲတော်နီးကပ်လာ လို့ဈေးကွက်မှာ ဝယ်လိုအားလျော့ကျသွားတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ နှမ်းမျိုးစုံက တက်ဈေးမှာ အရောင်းများခဲ့ပေမယ့် အခု လိုဈေးတွေကျလာချိန်မှာတော့ ရောင်းလက်တွေက ဈေးကွက်မျှော် လင့်ချက်နဲ့ အရောင်းနည်းသွားတယ်လို့ ဆိုပါတယ်။ လက်ရှိအရောင်း အဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၄၈၉ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၀၀ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၂၈၈၉ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးက ဆိုပါတယ်။