ဇွန်လ တတိယအပတ် မုံရွာဆီထွက်သီးနှံဈေးကွက် တက်ဈေးမှာ တန့်နေ

ဇွန်လတတိယပတ် မုံရွာ ကုန်စည် ဒိုင် ဆီထွက်သီးနှံဈေးကွက်အနေနဲ့ မြေပဲဆန်ကျဈေးမှာငြိမ်နေပေမယ့် နှမ်း မျိုးစုံကတော့ အမြင့်ဈေးမှာ တန့်နေ တာတွေ့ရပါတယ်။ စားဆီဈေးမှာတော့ ပဲဆီ၊ နှမ်းဆီတစ်ပိဿာ ၁၀၀ ကျပ်ခန့် ကျသွားခဲ့ပြီး၊ စားအုန်းဆီဈေး အနည်း ငယ် တက်လာတာတွေ့ရပါတယ်။

မြေပဲဆန်ဈေးကွက်မှာ မြေပဲဆန် နီ တစ်ပိဿာ ၁၇၂၀ ကျပ်မှ ၁၇၅၀ ကျပ်၊ မြေပဲဆန်ဖြူ တစ်ပိဿာ ၁၇၇၅ ကျပ်မှ ၁၇၃၀ ကျပ်၊ လုံးဆန်တစ်တင်း ၂၈၀၀၀ ကျပ် အသီးသီး ဈေးငြိမ်နေခဲ့ပါ တယ်။ နှမ်းဈေးကွက်မှာတော့ မိုးကြို နှမ်းတွေ ထင်သလောက် အဝင် မလှိုင် သေးဘဲ ဝယ်လက်အား ကောင်းနေတဲ့ အတွက် တက်ဈေးမှာတန့်နေခဲ့ရာ နှမ်း ညို တစ်တင်း ၃၆၅၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်၊ နှမ်းဝါတစ်တင်း ၃၇၀၀၀ ကျပ်၊ နှမ်းဝါ(ယော)တစ်တင်း ၃၉၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၄၂၅၀၀ ကျပ် - ၄၄၀၀၀ ကျပ်နဲ့ ဆီနှမ်းတစ်တင်း ၃၅၀၀၀ ကျပ်မှ - ၃၆၀၀၀ ကျပ်ဈေး အသီးသီး ဖြစ်ပေါ်ခဲ့ပါတယ်။ စားသုံးဆီ ဈေးမှာတော့ ပဲဆီ တစ်ပိဿာ ၃၂၀၀ ကျပ်၊ နှမ်းဆီတစ် ပိဿာ ၄၂၀၀ ကျပ် - ၄၃၀၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၇၀၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့ပါတယ်။ စားအုန်း ဆီ ဈေးကွက်အတွင်း နယ်ပစ္စည်းဝင် ရောက်မှု လျော့ခဲ့သလို ဒေသတွင်း ကြော်ဆီအဖြစ် လက်လီအသုံးများ ပြား လာမှုကြောင့် ယခုလိုတက်ဈေးဖြစ်ပေါ် ခဲ့ တာလို့ ဆီလုပ်ငန်းသမားတွေကဆိုပါ တယ်။ မုံရွာစက်မှုဇုန်ရှိ ဆီစက်လုပ်ငန်း ရှင်များမှ ဒေသတွင်းစားသုံးဖို့ ကြိတ်ခွဲ ထုတ်လုပ် ကြသလို " ဒို့ဗမာ " "မောင်းထောင်း " စတဲ့ ဆီစက်တွေက ကိုယ်ပိုင်အမှတ် တံဆိပ်နဲ့ ပဲဆီသန့် ပါကင်ပုံးများနဲ့ ပြည်တွင်းဖြန့်ဖြူး ရောင်းချဖို့ ထုတ်လုပ်လျက်ရှိပါတယ်။ လောလောဆယ် မုံရွာပဲဆီသန့်ဈေး ကွက် မှာ တစ်ပိဿာ ၃၈၀၀ ကျပ်မှ ၄၀၀၀ ကျပ်အတွင်းပေါက်ဈေးဖြစ်ပေါ် လျက်ရှိပြီး၊ အရောင်းအဝယ်သွက်လျက် ရှိတယ်လို့ လေ့လာ သိရှိရပါတယ်။ထွန်းလှိုင် - မုံရွာ