မူရင်းကောင်းမှ မိတ္တူကောင်းမည်

တန့်ဆည်မြို့နယ်မှာ စိုက်ပျိုးခဲ့တဲ့ နွေစပါးများရင့်မှည့်ပြီး အထွက်လှိုင် နေပြီ ဖြစ်ပါတယ်။  IR 747 စပါးက ဗွေဆော်ဦး စပေါ်ပြီး ဈေးကွက်မှာ တစ် တင်း ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်ထိ ဈေကောင်းရခဲ့တဲ့အတွက် ယခုနှစ်မှာ နွေစိုက်တောင်သူတို့ စိုက်ပျော်တဲ့နှစ်၊ တွက်ခြေကိုက်တဲ့နှစ်လို့ တောင်သူများ က ဆိုကြပါတယ်။

နွေစပါးဈေးကွက်က သဘာ၀ အရအပြောင်းအလဲ အတက်အကျ ဖြစ်လေ့ ရှိတဲ့အတွက် တန့်ဆည်မြို့နယ် ခပေါင်းကြိုင်ကွင်းမှ တောင်သူအနည်းစု က ထွက်ပေါ်ရန် ၁၀ ရက်ခန့်လိုသေး တဲ့  IR 747  စပါးများကိုဈေးကွက်မီ အောင် ရင့်မှည့်ဆေးကို ရေနဲ့ဖျော်ပြီး၊ ပက်ဖြန်းကာ စပါးမှည့်အောင်ပြုလုပ် ရောင်း ချခဲ့တဲ့အတွက် ၎င်းစပါးကို ဝယ်ယူကြိတ်ခွဲတဲ့ စက်ပိုင်၊ ပွဲစားတို့ ဆန်အရည်အသွေးညံ့ပြီး၊ အရှုံးပေါ်ခဲ့ ကြောင်း သိရပါတယ်။ ရင့်မှည့်ဆေးရဲ့ ဘေးထွက်ဆိုး ကျိုးကြောင့်ဆန်ရဲ့အပေါ်လွှာအရောင် မှာ အနက်ရောင်(သို့) အပြာရောင် ကို ပြောင်းလဲသွားတဲ့အတွက် ထွက်လာတဲ့ ဖွဲနုကရောင်းဖို့ မသင့်တော့ဘဲ အနက် ကို ပြောင်းလဲသွားခဲ့ပါတယ်။ ဝယ်ယူခဲ့တဲ့ ကုန်သည်တို့မှာ စပါးတင်း(၁၀၀) ကြိတ်ရာကထွက်တဲ့ ဖွဲနု ၇ တင်း၊ညီမျှတန်ဖိုး၃၁၅၀၀ကျပ်ခန့် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။ ရွှေဘိုခရိုင်ထွက် ဆန်အများစုဟာ ဈေးကွက်မှာ တန်းမြင့်ဆန် အဖြစ်ရပ် တည်နေတာဖြစ်လို့ စုန်းပြူး တောင်သူ အနည်းစုကြောင့် ရွှေဘိုဆန်ဈေး နာမည်ပျက်၊ ဈေးကွက်ပျောက်မှာ စိုးရိမ်ရတဲ့အတွက် သက်ဆိုင်ရာ ဒေသ အာဏာပိုင်၊စိုက်တိုးမြှင့်အဖွဲ့တို့မှ စုန်းပြူး တောင်သူအချို့ကိုပညာပေးဆွေးနွေးသင့် ပါကြောင်း ဆန်ဈေးကွက်မပျောက်ရေး အလေးထားရေးသားလိုက်ရပါတယ်။အောင်မင်း - တန့်ဆည်