တရုတ်အဝယ်လိုက်လို့ မူဆယ်နယ်စပ်မှ ဆန်တင်ပို့မှုပိုမို
နယ်စပ်စခန်းများမှ ဆန်တင်ပို့မှု အခြေအနေများကို လေ့လာကြည့်ပါက ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၀၃၈ သန်းတန်ဖိုးရှိ ဧည့်မထဆန် ၂၅၀၈ တန်ကျော်နဲ့ ငစိန်ဆန် ၂၀၉၀ တန်ကျော်၊ စုစုပေါင်း တန်ချိန် ၄၅၉၉ တန်တင်ပို့နိုင်ခဲ့ပါတယ်။
ယခင်အပတ်နဲ့နှိုင်းယှဉ်ကြည့်ပါ က ၇၅၇ တန်ခန့်လျော့နည်းတင်ပို့ခဲ့သော်လည်း မူဆယ်နယ်စပ်အနေနဲ့ ဧည့်မထ ဆန် ၅၈၄ တန်ကျော်နဲ့ ငစိန်ဆန် ၈၄ တန်ကျော်ပိုမိုတင်ပို့ခဲ့ကြောင်းတွေ့ရပါတယ်။ တရုတ်နိုင်ငံဘက်မှ မြန်မာ့ဆန်များဈေးနှိမ်ဝယ်၍ ပြည်တွင်း ဆန်ဈေးမြင့်တက် လာတာကြောင့် အရောင်းအဝယ်ရပ်တန့်နေရာကနေ ယခုနှစ် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ မူဆယ်နယ်စပ်မှ ဆန်များကို ပြန်လည်ဝယ်ယူလာခြင်းကြောင့် ပိုမို တင်ပို့နိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခုလိုပြန်လည်ဝယ်ယူလာတာဟာ တရုတ် နိုင်ငံမှဗီယက်နမ်ဆန်များကိုဝယ်ယူနေရာကနေ ဗီယက်နမ်ဘက်ခြမ်းမှ တရုတ်ဘက် သို့ ဝင်ရောက်နေသောဆန်များကို ဖမ်းဆီးမှုများရှိခဲ့တဲ့အတွက် တရုတ်ဈေးကွက်က မြန်မာ့ဆန်များကို ဈေးမြှင့်ပေးကာ ပြန်လည်ဝယ်ယူလာခြင်းဖြစ်တယ်လို့ မန္တလေး မြို့ ဆန်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ယခုတစ်ပတ်အတွင်း လွယ်ဂျယ် နယ်စပ်မှ ဧည့်မထဆန် ၁၁၈ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ်မှ ၂၆၂ တန်နဲ့ တာချီလိတ်နယ်စပ်မှ ၁၀ တန် အသီးသီးတင်ပို့မှုရှိကြောင်း သိရှိရပါတယ်။ ဆွေဆွေဝင်း MIRT (DCCA)
