တရုတ်အဆွဲများတဲ့ ဆင်း - ၃ ဆန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ ခရိုင်၊ အင်းတော်မြို့နယ် ယခုနှစ် မိုး စပါး စိုက်ဧက ၅ သောင်း မှာ ဆင်းဧကရီ - ၃ ဒေသအခေါ် ဆင်း - ၃ စပါးစိုက်ဧက ၂ သောင်းကျော် စိုက်ပျိုးပြီး၊ ရွှေဘို - ၁၊ ဆင်းသွယ်လတ်၊ မှော်ဘီ -၂၊ ကောက်ညှင်း၊ ပုလဲသွယ် စပါးမှာ ၅၁ ရာခိုင်နှုန်းစိုက်ပျိုးကြပါ တယ်။ တရုတ်အဝယ်လိုက်နေပြီး၊ ရောင်းပန်းလည်းလှ၊ ဒေသနဲ့လည်း ကိုက်ညီ၊ အထွက်နှုန်းလည်းသင့်တင့်တဲ့ အတွက် ဈေးကွက်သတင်းများ နားစွင့် နေတဲ့ တောင်သူများ ဆင်း - ၃ စပါး တစ်မျိုးတည်းစိုက်ပျိုးနေကြပါတယ်။
ယခင်နှစ် မိုးစပါး စပေါ်တဲ့ အချိန်ကစပြီး၊ ယခုအောက်တိုဘာ လအထိ ဆင်း - ၃ ဆန်ကို တရုတ် ကပုံမှန် အဝယ်လိုက်လျက်ရှိရာ စပါး လက်ကျန်နည်းချိန်ဖြစ်တဲ့အတွက် စက်ပိုင်၊ ကုန်သည်တွေ နယ်ဆင်းပြီး ဝယ်ယူနေကြပါတယ်။ ဆင်း - ၃ စပါး ဈေးမှာ စပေါ်ချိန် ၄၅၀၀၀၀ ကျပ်၊ ရာသီအလယ် ၅၅၀၀၀၀ ကျပ်၊ ယခုရာသီကုန်ချိန်မှာ ၆၅၀၀၀၀ ကျပ်ရှိနေတဲ့အတွက် စပါး လက်ကျန် ရှိတဲ့တောင်သူတွေ ဈေးကောင်းရပြီး၊ မိသားစုအဆင်ပြေနေကြပါတယ်။ ဒီနှစ်တစ်နှစ်လုံး တရုတ်က ဆင်း -၃ ဆန် တစ်မျိုးတည်း ပုံမှန်ဆွဲနေ ကြောင်း၊ ရာသီပေါ်စ အင်းတော်မြို့ နယ်မှ တစ်လကို ဆန်အိတ် ၃၅၀၀၀၊ ရာသီလယ်မှာ တစ်လ ၄၀၀၀၀ အိတ်၊ အခုရာသီကုန်ချိန်မှာ တစ်လ ၂၅၀၀၀ အိတ် ဝန်းကျင်ခန့် အရောင်းအဝယ် ရှိကြောင်း၊ ကုန်သည်အချို့က ကသာ မြို့ မြစ်ဆိပ်ကမ်းအရောက်ပို့ပြီး၊ ဗန်း မော်မှ ဆန်ကုန်သည်များက လာဝယ်ယူ ကြကြောင်း၊ တချို့ကတော့ အင်းတော် မှ ကသာမြစ်ဆိပ်ကမ်းမှာ မော်တော် တိုက်ရိုက်တင်ပြီး၊ဗန်းမော်ကနေတစ်ဆင့် လွယ်ဂျယ်ကိုတင်ပို့ကြောင်း၊ လွယ်ဂျယ် ပေါက်ဈေးမှာ ယခုအခါ ၃၀ ဒသမ ၇၅ ပိဿာဝင် ဆန်တစ်အိတ် ၁၆၈ ယွမ်ရှိပြီး၊ တစ်ယွမ်ကို မြန်မာငွေ ၁၆၁ ကျပ်ဝန်းကျင်ရှိကြောင်း၊ စက်ပိုင်ကုန် သည် ဦးကျင်စိန်ထံက သိရပါတယ်။ နှစ်စဉ် စပါးပိုလျှံတဲ့ အင်းတော်မြို့ နယ်မှာ ယခင်နှစ်က စပါးစိုက် ၅ သောင်း၊ ၈၆ ဒသမ ၇၉ နှုန်းတင်း ထွက်ပြီး၊ ပိုလျှံစပါးတင်းပေါင်း ၂၂ သိန်း ဖြစ်ကြောင်း သိရပါတယ်။ကြည်နိုင်ဦး - အင်းတော်
