ပခုက္ကူကုန်စည်ဒိုင်မှာ ဈေးနှုန်းမြင့်မြင့်ပျံသန်းနေတဲ့ ယောနှမ်းလိပ်ပြာများ
ပခုက္ကူကုန်စည်ဒိုင်မှာ ယောခရိုင်ဒေသ (ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု) ဒေသက ရောင်စုံနှမ်းများ ဝင်ရောက်လာပြီ ဖြစ်ပ ါတယ်။ ယခင်လ တစ်လလုံးနီးပါး ပဲစင်းငုံ၊ပဲတီစိမ်းသေး၊ကုလားပဲ၊စွန်တာနီ၊ ပြောင်းဖူးစေ့စတဲ့ ပစ္စည်းများ
ခပ်ပြောက်ပြောက်၊ ခပ်ပါးပါး အရောင်းအဝယ် ဖြစ်နေရာမှ ယောဒေသမှရောင်စုံ နှမ်းလိပ်ပြာများ ပျံဝဲရောက်ရှိလာတဲ့ အနေ အထားပါ။ ပခုက္ကူကုန်စည်ဒိုင်ရဲ့ လှုပ်ရှားရောင်းဝယ်မှု အလှတရားဟာ လှပလာတယ်လို့ တင်စားပြောဆိုပါရစေ။ ဈေးနှုန်း အနေအထားကို ပြန်ကြည့်ရင် နှမ်းဖြူ တစ်ပိသာ၂၇၃၃ ကျပ်၊ တစ်တင်း ၄၁၀၀၀ ကျပ်၊ နှမ်းဖြူ (ရှယ်) တစ်ပိသာ၂၉၁၃ကျပ်၊ တစ်တင်း ၄၃၇၀၀ ကျပ်၊ နှမ်းနက် တစ်ပိသာ၂၉၃၃ ကျပ်၊ တစ်တင်း ၄၄၀၀၀ ကျပ်မှ တစ်ပိသာ ၃၀၂၀ ကျပ်၊ တစ်တင်း ၄၈၀၀၀ ကျပ်၊ နှမ်းနီတစ်ပိသာ ၂၅၆၆ ကျပ်၊ တစ်တင်း ၃၈၅၀၀ ကျပ်၊ နှမ်းဝါတစ်ပိသာ၂၅၃၃ ကျပ်၊ တစ်တင်း ၃၈၀၀၀ ကျပ်မှ တစ်ပိသာ ၂၇၆၆ ကျပ်၊ တစ်တင်း ၄၁၅၀၀ ကျပ်၊ နှမ်းညိုတစ်ပိသာ ၂၄၃၃ ကျပ်၊ တစ်တင်း ၃၆၅၀၀ ကျပ်မှ တစ်ပိသာ ၂၅၈၆ ကျပ်၊ တစ်တင်း ၃၈၈၀၀ ကျပ် ဈေးများနဲ့ နေ့စဉ်လိုလိုအရောင်းအဝယ် ဖြစ်နေပါတယ်။ အရောင်းအဝယ်ပြုလုပ်ကြတဲ့ ကုန်သည် ပွဲစားများအနေနဲ့ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများဟာ မြင့်လွန်းတယ်လို့ သုံးသပ်ကြပြီး စွန့်စွန့်စားစား ဝယ်လှောင်ရမလား၊ အဆင့် ဆင့်ဆက်သွယ် ကြည့်တော့လည်း မြင့်လွန်းနေမလား သုံးသပ်နေတယ်လို့ သိရပါတယ်။
ယခင်နှစ်များအနေအထားအရဆိုရင်လည်း နှမ်းဖြူရှယ်တစ်တင်း ၅သောင်း အထက်မှာစဖွင့်ခဲ့တယ်ဆိုတာ ပြန်လည်အမှတ်ရ ကြတော့ ကိုင်သင့်တယ်။ ဝယ်သင့်တယ်။ လှောင်သင့်တယ်ဆိုတာမျိုးလည်း ပြောနေကြတယ်လို့ ကြားရပါတယ်။ ကုန်ပစ္စည်း တစ်ခုရဲ့ကုန်ဈေးနှုန်းဆိုတာမျိုးကလည်း ပစ္စည်းထွက်ရှိမှု၊ ပေါများမှု၊ ဝယ်လက်ရှိမှု၊ ကုမ္ပဏီနိုင်ငံခြား အမှာရှိမှုဆိုတာတွေကလည်း ထည့်သွင်းစဉ်းစား ရပါတယ်။ ယခုအနေအထားကလည်းကိုယ့် ပခုက္ကူခရိုင် မြေပြန့်ဆိုတဲ့ ပြင်အနေအထားက နှမ်းဆိုတာ မူးလို့တောင် ရှုစရာမရှိဘူးဆိုတဲ့အနေအထားပါ။ ဒီအဆိုဟာလွန်မယ်မထင်ပါဘူး။ ရေစကြိုနယ်ဘက်တစ်ခုသာ ရေသွင်းနှမ်းထွက် ရင်ထွက်၊ မထွက်ရင်ပြင်နှမ်းမရဘူး ပြောရမဲ့အနေအထားပါ။ ယောဒေသကနှမ်းရောင်စုံဟာ ဈေးကွက်ထဲကို ခေါင်းမော့ ရင်မော့၊လက်မထောင် ဝင်လာတာဆိုတော့ ဒါဟာ ပစ္စည်း ထွက်ရှိမှုတစ်ခုအနေအထားအရ သူတို့ကိုမှမဝယ်ရင် မရနိုင်ဘူးဆိုတဲ့ အနေအထားအရမှန်တယ်လို့ သုံးသပ်ရမှာဖြစ်ကြောင်းပါ။ ယောနယ်ဘက်က မိတ်ဆွေများကို ဆက်သွယ် မေးမြန်းကြည့်တော့ အထွက်အနေနဲ့ညံ့တယ်ဆိုတဲ့ တောင်သူများတောင် တစ်ဧက ၁၂ တင်း အနည်းဆုံးရကြပြီး၊ တော်တော်များများကတော့ တစ်ဧကကို ၁၅ တင်း၊ ၁၅ တင်းနဲ့အထက် ထွက်ကြကြောင်း သတင်းကောင်းများလည်း ကြားရပြီး၊ ပခုက္ကူရဲ့ဈေးနှုန်း အနေအထား ကို လေ့လာနေကြရင်း ဈေးနှုန်းအနေအထားအရပစ္စည်း ဆက်တိုက်ဆက်တိုက် ဆင်းလာကြဖို့ ပြင်နေကြကြောင်းလည်းကြား သိရပါတယ်။ ဒီအနေအထားမှာ ပခုက္ကူကုန်စည်ဒိုင်မှာ ဈေးကွက်ဈေးနှုန်းအတွင်းမြင့်မြင့်ပျံနေတဲ့ ယောနှမ်းလိပ်ပြာများလို့ တင်စား ပြောရရင် လွန်မယ် မထင်ကြောင်းပါ။
