အာဆီယံရွှေပြတင်းက သင်းပျံ့တဲ့ရနံ့ လေညှင်းဆော်ကြရအောင်

လူရယ်လို့ဖြစ်လာကြရင် အဓိကထားကြိုးစားဆောင်ရွက်ရမယ့် တာဝန်သုံးရပ်ရှိတယ်ဆိုတာ မငြင်းနိုင်တဲ့ လောကသဘာဝတရား တစ်ခုပါ။ အဲဒါက စား၊ ဝတ်၊နေ၊ ရေး ဆိုတဲ့အရေး ၃ ပါး ပါ။ ခန္ဓာ ကိုယ်ဖွံ့ဖြိုးတိုးတက်ဖို့ ဆာလောင်မှုကိုဖြည့်ဆည်းပေးဖို့ စားရမယ်၊ သောက်ရမယ်။ ရာသီဥတုနဲ့လိုက်လျောညီထွေစွာ ဝတ်ဖို့ အဝတ် အစားဝတ်ကြရမယ်။ နောက်တစ်ခါ နားဖို့ နေဖို့ နေရာရှာ အဆောက် အအုံဆောက်ကြရမယ်။ တတ်နိုင်ရင် တတ်နိုင်သလို တိုက်တာ အဆောက်အအုံမှသည် နေအိမ်တဲ အဆင်ပြေသလိုဆောက်လုပ်နေ ထိုင်ကြရမှာပေါ့ဗျာ။ ဒီတော့ လူရယ်လို့ဖြစ်လာကြရင် စား၊ ဝတ်၊ နေရေး ဆိုတဲ့သံသရာမှာလည်နေကြရတာ မဆန်းတော့ပါဘူး။ တိုက်တာ အဆောက်အအုံ၊ အိမ်၊ တဲ ဘယ်အဆောက်အအုံမှာမဆို ဝင်ဖို့ထွက်ဖို့ လုံခြုံဖို့တံခါးတို့၊ ပြတင်းပေါက် တို့ဆိုတာပါရပါလိမ့်မယ်၊ အိမ် ခေါင်းရင်းက ပြတင်းပေါက်ကိုဖွင့်လိုက်ရင် သန့်ရှင်းလတ်ဆတ်သော လေနုအေး ရဲ့ ညင်းညင်းညံ့ညံ့ပွတ်တိုက်ဆော့ကစား ချော့မြူမှုကိုခံ စားရသလို ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်၊ပန်းမာန် တို့ရဲ့သင်းပျံ့တဲ့ မွှေးရနံ့ရဲ့ ''ကလူ၏သို့မြူ၏သို့''ဆွဲဆောင်မှုကိုခံစားကြရမှာပါ။ ယခုလို နွေဦးရာသီအခါသမယမျိုးမှာဆို သစ်ပင်တွေရဲ့ရွက် ဟောင်းကြွေနေ တဲ့ ပုံရိပ်တွေ တွေ့မြင်ရမှာခံစားရမှာဖြစ်သလို  ရွက်ဟောင်းကြွေရွက် သစ်ဝေနေတဲ့ နုပျိုသစ်လွင်ငယ်ရုပ်ဆင်နေတဲ့ ရွက်စိမ်းစိမ်းတွေရဲ့ အလှသဘာ၀ သာမကအဲဒီသစ်ပင်အပေါ်မှာ သူ့သဘာ၀ မြူးတူး ပျော်ပါးဆော့ကစားနေတဲ့ ကျေးငှက်တို့ရဲ့တီတီတာတာ ရွှင်မြူးဆော့ ကစား တက်လိုက် ဆင်းလိုက် ကူးလိုက်ခုန်လိုက်ပြောင်းလိုက်ဆိုတဲ့လောကကိုအလှဆင်နေကြတဲ့ ကျေးငှက်တို့ရဲ့ပျော်မြူးနေမှုဟာ ကိုယ့်ကိုကူးစက်ခံစားလို့ အပျော်စိတ်တွေဝင်နေတာကို ခံစားခဲ့ကြရ ပါလိမ့်မယ်။ တစ်ခါ ရာသီတစ်ခုရဲ့သင်္ကေတ အသံဖြစ်တဲ့ ပတ်ဝန်း ကျင်ကသြင်္ကန်ပုံရိပ် တူးပို့သံလွှမ်းနေတဲ့မြန်မာလူမျိုးများနှစ်သက်ခဲ့ တဲ့ သြင်္ကန်တေးသီချင်းရဲ့ တူးပို့သံနဲ့မြူးကြွလာမယ့် ရသဆိုတာလည်း ခံစားကြရမှာပေါ့ဗျာ။
ဒါပေမယ့် လောကဓမ္မတရားအရ အကြောင်းအကျိုးအကောင်း အဆိုးဆိုတာ ဒွန်တွဲနေတတ်လေတော့ အထက်ကဖော်ပြခဲ့တဲ့ ကောင်းသောအကြောင်းတွေ တွေ့မြင်ကြားသိ ခံစားရမှာဖြစ်သလို ဆိုးကျိုးဆိုတာလည်း မရှိနိုင်ဘူးလား။ ပတ်ဝန်းကျင်ရဲ့ဆူညံ   သောအသံ၊ ပတ်ဝန်းကျင်ရဲ့ဆိုးသွမ်းသောအနံ့၊ ဥပမာ- မြို့ မှာဆိုရင် မြောင်းပုပ်နံ့ဆိုတာမျိုးလိုပေါ့။ နယ်မှာဆိုရင်နွေဦးမှာလေရူးနဲ့အတူ ပါလာသော ဖုံ၊ သဲ၊ အရွက်ဆိုတာတွေ လည်းရှိနေမှာပေါ့ဗျာ။
ဘာတွေလဲ၊ ဘာကိုပြောနေတာလဲ၊ စားဝတ်နေရေးထဲက နေထိုင်ရတဲ့ အဆောက်အအုံက ပြတင်းပေါက်အကြောင်း ဘာ့ ကြောင့်တင်စားနေတာလဲလို့ စိတ်အထင်မစောလိုက်ပါနဲ့ စာရူ သူခင်ဗျား။ မတ်လ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ''အာဆီယံ ပြတင်းပေါက်စနစ် အကောင်အထည်ဖော်မှုဆိုင်ရာ ဥပဒေမူဘောင် အခြေပြ  စာချုပ်အား မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးရန် အတည်ပြု ''ဆိုတဲ့သတင်းတစ်ပုဒ်ဖတ်မှတ်လိုက်ရလို့ပါဗျား။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို  မွန်းလွဲ ၁၃း၃၀ နာရီတွင်နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့်အစည်းအဝေးတွင် ''နိုင်ငံတော်သမ္မတထံမှပေးပို့သော အာဆီယံပြတင်းပေါက်စနစ် အကောင် ထည်ဖော်မှုဆိုင်ရာ ဥပဒေမူဘောင်အခြေပြစာချုပ်အား မြန်မာနိုင်ငံကပါဝင် လက်မှတ် ရေးထိုးရန်ကိစ္စ'' နှင့်စပ်လျဉ်းလို့ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကအာဆီယံပြတင်း ပေါက်စနစ်တည်ဆောက်ခြင်းနှင့် အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်( The Agreement to Establish and Implement the ASEAN Single Window ASW Agreement )  အား ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင်လည်းကောင်း၊ အာဆီယံပြတင်းပေါက်စနစ် တည်ထောင်ခြင်းနှင့် အကောင်အထည်ဖော်မှုဆိုင်ရာ အခြေပြစာချုပ်(The Protocol to Establish and Implement the ASEAN Single Window-ASW Protocol)အား ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် တွင်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးက လက်မှတ် ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ အာဆီယံပြတင်းပေါက်စနစ် အကောင် အထည်ဖော်မှုဆိုင်ရာ ဥပဒေဘောင် အခြေပြစာချုပ်အား လက်မှတ် ရေးထိုးပြီးမှသာ အာဆီယံဒေသအတွင်း  ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေး ဆိုင်ရာကိစ္စရပ်များ သတ်မှတ်ကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးက လက်မှတ်ရေးထိုး နိုင်ရေး   ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံပြတင်းပေါက်စနစ် အကောင်အထည်ဖော်မှုဆိုင်ရာ ဥပဒေမူဘောင် အခြေပြစာချုပ် သည် ချုပ်ဆိုခဲ့ပြီးဖြစ်သည့် ASW Agreement နှင့် ASW Protocol    တို့ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆက် စပ်ယှက်နွယ်လျက်ရှိသည့် အချက်အလက်များအား ပိုမိုပြည့်စုံစွာ ထည့်သွင်း ဖော်ပြရေးဆွဲထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသအတွင်း နိုင်ငံများအားလုံးရဲ့ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရေးကို များစွာ အထောက်အကူပြုစေသည့် ဥပဒေမူ ဘောင်အခြေပြစာချုပ်တစ်ခုဖြစ်သောကြောင့် အခြားအာဆီယံအဖွဲ့ ဝင် နိုင်ငံများနည်းတူ မြန်မာနိုင်ငံကလည်း ပါဝင်လက်မှတ်ရေးထိုးနိုင် ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြားပြီး လွှတ်တော်နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း ၍ လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူပြီး၊ အာဆီယံပြတင်းပေါက်စနစ် အကောင်အထည်ဖော်မှုဆိုင်ရာ ဥပဒေမူဘောင် အခြေပြစာချုပ်အား မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စကို အတည်ပြုခဲ့ပြီးဖြစ် ပါတယ်။
သတ္တမအကြိမ် ဒေလီဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာနနှင့်အတူ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သုံးသပ် လေ့လာရေးဌာန၊ အိန္ဒိယနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်း၊ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ၊ စင်ကာပူနိုင်ငံရှိ အရှေ့တောင်အာရှလေ့လာရေးဌာန၊ SAEA သုတေသနအုပ်စု၊ ဂျကာတာ ရှိ အာဆီယံနှင့်အရှေ့တောင်အာရှဆိုင်ရာ စီးပွားရေးသုတေသနဌာန၊ မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံရှိ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာ ရေးဌာန၊ နယူးဒေလီရှိ  အာဆီယံ-အိန္ဒိယဗဟိုဌာန၊ ဂျကာတာရှိ အာဆီယံနဲ့ အရှေ့အာရှစီးပွားရေးသုတေသနဌာန၊ ထိုင်းနိုင်ငံရှိ
လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေးဌာနတို့မှ ကြီးမှူးကျင်းပခဲ့ပြီး နိုင်ငံတကာ စီးပွားရေးဆက်သွယ်မှုနှင့်စပ်လျဉ်းသည့် သုတေသန ဆိုင်ရာ အိန္ဒိယကောင်စီ၊ အိန္ဒိယစက်မှု လုပ်ငန်းအသင်း၊ မွမ်ဘိုင်းနှင့် ကိုလ်ကတ္တားရှိကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်း ထောက်ပံ့မှုနှင့် ကျင်းပပြုလုပ်တဲ့အစည်းအဝေးမှာ မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က
''အာဆီယံနှင့် အိန္ဒိယနိုင်ငံအကြား ပေါင်းစည်းဆက်သွယ်မှုတည် ဆောက်ခြင်း'' ခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးရာမှာ ''အာဆီယံ ပေါင်း စည်းဆက်သွယ်မှုသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင်ဖြစ်ပေါ်လာမည့် အာဆီယံအသိုင်းအဝိုင်းအတွက် အရေးကြီးသည့်ကဏ္ဍဖြစ်ကြောင်း မြန်မာနိုင်ငံသည် တောင်အာရှသို့သွားရာ အာဆီယံတံခါးပေါက် ဖြစ် သကဲ့သို့ အာဆီယံသို့သွားရာ အိန္ဒိယတံခါးပေါက်သဖွယ်ဖြစ်ပါကြောင်း အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ အမြန်လမ်းမကြီးအား ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့နဲ့ ချိတ်ဆက်ရန် ချဲ့ထွင်ခြင်းအား ကြိုဆိုပါ ကြောင်း၊ ဒေသတွင်းပေါင်းစည်းဆက်သွယ်မှုသည်  အာဆီယံအိန္ဒိယ စီးပွားရေးလုပ်ငန်းစဉ်များမြှင့်တင်ခြင်းရဲ့ အဓိကသော့ချက်ဖြစ်ပါ ကြောင်း နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေးကိုရှေးရှု၍ အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒမှ အရှေ့ ဆောင်ရွက်မှု မူဝါဒသို့ ပြောင်းလဲခြင်းမှာ အာဆီယံနှင့်အိန္ဒိယနိုင်ငံအကြား ပေါင်းစည်းဆက်သွယ်မှု ဖွံ့ဖြိုးတိုး တက်စေရေးကို များစွာအထောက်အကူပြုပြီး မဟာဗျူဟာကျသည့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမှာဖြစ်ကြောင်း ပါဝင်ဆွေးနွေး သွားတာကို ဖတ်မှတ်လိုက်ရပါတယ်။
လူဖြစ်တော့ စား၊ ဝတ်၊ နေရေး သုံး ပါးတာဝန်ထမ်းဆောင်ရသလို တစ်ဦးတည်းနေလို့မရတော့ လူ၊ လူချင်းပေါင်းစည်းဆက်နွယ်ဆက် သွယ်ကြရတယ်။ တစ်ခါ ကမ္ဘာ့ရွာလိုဖြစ်နေတဲ့ခေတ်ထဲမှာ နိုင်ငံအချင်း ချင်း ဆက်သွယ်ပေါင်းစည်းကြရပါတယ်။ သူ့နိုင်ငံကထွက်ရှိတဲ့၊ ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေ၊ သယံဇာတတွေရဲ့ ပိုမှုလိုမှုဆိုတာတွေကို အခြားတစ်ပါးသောနိုင်ငံများနှင့် ဆက်နွယ်မှု၊ ပေါင်းသင်းမှု၊ ရောင်း ဝယ်မှု၊ တင်ပို့မှုဆိုတာတွေကို လုပ်ဆောင်ကြရမယ်ဆိုတာ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်ရဲ့ ပါဝင်ဆွေးနွေးမှုမှာ တွေ့နေရပါတယ်။
ကောင်းပြီ။ အာဆီယံနိုင်ငံအချင်းချင်း ပေါင်းစည်းဆက်နွယ်ခဲ့  လို့ ကမ္ဘာတစ်ဝှန်းက စောင့်ကြည့်ရတဲ့အထိ အောင်မြင်နေသော အသင်း နောက်တစ်ခါ ပထဝီ၊ စီးပွားရေး၊ နိုင်ငံရေးကအစ တဖြည်း ဖြည်းဖြည့်ဆည်းပြီး ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်လာကြတော့ အိန္ဒိယလို နိုင်ငံကတောင် အရှေ့မျှော်မူဝါဒနဲ့ ပူးပေါင်းလာနေတဲ့ အခြေအနေမှာ အာဆီယံအပေါင်းနိုင်ငံများစွာဖြစ်လာတော့မှာပါ။ ဒီအခြေအနေမှာ အာဆီယံပြတင်းပေါက်စနစ် အကောင်အထည် ဖော်နေပြီဆိုတော့ စာစုအစမှာ တင်ပြထားသလို ပြတင်းဖွင့်ရာမှာ ကောင်းတာတွေရှိသလို မကောင်းတာတွေ ဆိုတာလည်းကြုံတွေ့လာရ မှာပါ။ လောကဓမ္မ သဘာဝတရားအကြောင်းအကျိုး အကောင်း အဆိုးဆိုတာ ဒွန်တွဲနေ လေတော့ ယခုအာဆီယံပြတင်းပေါက်စနစ် အကောင်အထည်ဖော်ဆောင်နေချိန်မှာ  ကျွန်တော်တို့တွေ လုပ် ဆောင်ကြရမှာက ''အာဆီယံရွှေပြတင်းက သင်းပျံ့တဲ့ရနံ့လေညှင်း လေး ဆော်ကြရအောင်ပါလား ဗျာ''.....။