ကိုရီးယားသမ္မတနိုင်ငံ၌နေ့စဉ် Coronavirus ကူးစက်မှုနှုန်းအခြေအနေ ၁၀၀ ဦး အထက်သို့ ပြန်လည်ရောက်ရှိနေ
ကိုရီးယားသမ္မတနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း ဆေးရုံများနှင့်ပြင်ပနေရာအချို့၌အလွတ် သဘောလူစုလူဝေးများမှတစ်ဆင့် ကူးစက်မှုများကြောင့် Coronavirusကူးစက်မှုနှုန်းအခြေအနေ သည်(၄-၁၁-၂၀၂၀)ရက်နေ့တွင် ကူးစက်ခံရသူ ၁၀၀ ဦးကျော်အထိ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သက်ဆိုင်ရာ ကိုရီးယားရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ (Korea DiseaseControl and Prevention Agency-KDCA) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
KDCA ၏ (၄-၁၁-၂၀၂၀) နေ့စာရင်းအရ ယနေ့တွင် ပြည်တွင်း Coronavirus ကူးစက်မှု (၉၈)ဦးအပါအဝင် စုစုပေါင်း ကူးစက်ခံရသူ ၁၁၈ ဦးရှိပြီး သေဆုံးသူနှစ်ဦးဖြစ်ကြောင်း၊ သို့ဖြစ်၍ စုစုပေါင်း Coronavirus ကူးစက်ပြီးသူဦးရေ ၂၆,၉၂၅ ဦးနှင့် စုစုပေါင်း သေဆုံးသူ (၄၇၄)ဦး၊ စုစုပေါင်း ပြန်လည်ကောင်းမွန်ပြီးသူ ၂၄,၆၁၆ ဦး ရှိပြီဖြစ်ကြောင်းသိရှိရပါသည်။ နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအရ Coronavirus ကူးစက်ခံရသူများမှာ အကြီးတန်း သူနာပြုများ၊ ဆေးရုံနှင့် ဆက်စပ်အဆောက်အဦများမှ ကျန်းမာရေးဝန်ထမ်းများပါဝင်နေပြီး၊ မိသားစုနှင့် သူငယ်ချင်းများ အကြားအသေးစားစုဝေးမှုများကြောင့်လည်း ရောဂါကူးစက်မှုများပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရ ပါသည်။ ယခင်လအတွင်း ကူးစက်မှုနှုန်း လျော့ကျခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ သတ်မှတ် Social Distancing Level (၃) ခုအနက် အနိမ့်ဆုံးအဆင့် (Level-1) သို့ လျှော့ချပေးခဲ့ပြီးသည့် နောက်တွင် နေ့စဉ် Coronavirus ကူးစက်မှုနှုန်းသည် ၁၀၀ ဦးဝန်းကျင်တွင် တက်လိုက်ကျလိုက်ဖြင့် ဖြစ်ပေါ်လျက်ရှိပါသည်။
ထိုကဲ့သို့ Social Distancing Level ကို ဖြေလျှော့ပေးထားသော်လည်း Coronavirus ကူးစက်နိုင်ချေရှိသည့်အခြေအနေများကို ကြိုတင်တားမြစ်သည့်အနေဖြင့်ပိတ်ရက်များတွင် ကလပ် များ၊ Bar များနှင့် Halloween ပါတီကဲ့သို့ သောပွဲများတွင်လူငယ်များစုဝေးနိုင်မည့်အခြေအနေများကိုကျန်းမာရေးအာဏာပိုင်များနှင့် သက်ဆိုင်ရာအာဏာပိုင်များက အထူးဂရုပြု၍ တားမြစ်စောင့် ကြပ်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင် အသက်ဝင်မည့် ရောဂါ ကူးစက်မှုကာကွယ်သည့် Social Distancing စည်းမျဉ်းအသစ်အရ နေ့စဉ်ပျှမ်းမျှကူးစက်မှုနှုန်းသည် (၁၀၀)ဦးနှင့်အောက်ရှိပါက Social Distancing Level အား (Level-1) တွင် ဆက်လက်ထားရှိဖွယ်ရှိ ကြောင်း သိရှိရပါသည်။
၄-၁၁-၂၀၂၀ ရက်နေ့စာရင်းအရ ဒေသအလိုက်အနေဖြင့် ဆိုးလ်မြို့တွင် Coronavirus ကူးစက်ခံရသူ(၃၉)ဦး၊ ဆိုးလ်မြို့အနီးရှိ Gyeonggi ပြည်နယ်တွင်(၄၁)ဦး၊ ဆိုးလ်မြို့အနောက်ဘက်ရှိ အင်ချွန်းတွင် (၄)ဦးနှင့် Chungcheong ပြည်နယ်တောင်ပိုင်းတွင် အသစ်ကူးစက်မှု ၁၀ ဦးအသီးသီး ဖြစ်ကြောင်း သိရှိရပါသည်။ ဆိုးလ်မြို့တော်ဧရိယာအဝန်းအဝိုင်း (Greater Seoul area) သည် ကိုရီးယားသမ္မတနိုင်ငံရှိ လူဦးရေ (၅၁.၆) သန်းအနက် လူဦးရေ တစ်ဝက်ခန့်မှ နေထိုင်လျက်ရှိသည့် မြို့တော်ကြီးတစ်ခုလည်း ဖြစ်ပါသည်။
ပြင်းထန်သော Coronavirus ရောဂါကူးစက်မှုများမှာ ၃-၁၁-၂၀၂၀ ရက်တွင် (၅၂)ဦး ရှိခဲ့ပြီး၊ ညသန်းခေါင်ယံအချိန်မှစ၍ ၅၃ ဦးအထက်သို့ တဖြည်းဖြည်းရောက်ရှိလာခဲ့ကြောင်း၊ ပြည်ပမှ ဝင်ရောက်လာသော Imported Case
များအနေဖြင့် (၂၀)ဦး ရှိပြီး၊ ယခင်နေ့တွင် ၂၉ ဦးရှိခဲ့သည့်အတွက် အနည်းငယ်လျော့ကျလာခြင်းဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့မှစ၍ယခုအထိ Coronavirus စစ်ဆေးမှု ဆောင်ရွက် ပြီးသူ ၂,၆၆၂,၂၆၀ ဦးရှိကြောင်း၊ (၃-၁၁-၂၀၂၀) ရက်နေ့တွင် ၁၃,၈၄၃ ဦးစစ်ဆေးပေးခဲ့ကြောင်း သိရှိရပါသည်။
ဝင်းပပသူ (စီးပွားရေးသံမှူး)(မြန်မာသံရုံး၊ ဆိုးလ်မြို့)
Source: The Korea Herald, http://ncov.mohw.go.kr/en/
