ဝါးမှသည် အဆင့်မြင့်ထုတ်ကုန်ဆီသို့
မြန်မာနိုင်ငံတွင် ဝါးပင်သည် ရိုးမတောကြီးများတွင် အများအပြားပေါက်ရောက်ကြပါသည်။ ဝါးပင်ကို အဓိကစိုက်ပျိုးသောဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြံခင်း၊ မြန်အောင်၊ စစ်ကိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် စိုက်ပျိုးကြသည်။ စီးပွားရေးအရ ဈေးကွက်ဝင်သည့် ဝါးအမျိုးအစားများမှာ ဝါးပိုးဝါး၊ ဝါးနက်ဝါး၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်ဝါး၊ တင်းလယ်မဲဝါး၊ တင်းဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြသောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖိုဝါး၊ ကြခက်ဝါး၊ ဝါးမင်းနှင့် ခဲလံဝါးတို့ဖြစ်ပါသည်။ ဝါးယားသည် ကွေးညွှတ်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ငြမ်းဆင်သည့် ဝါးအဖြစ် အသုံးပြုကြပါသည်။
ဝါးပင်မဖြစ်မီပေါက်လာသော ဝါးစို့ပေါက်ကို လူအများကချိုးယူ၍ မျှစ်စို့ပေါက်အဖြစ် မျှစ်စပ်၊ မျှစ်ချဉ်၊ မျှစ်ပြုတ်အဖြစ် အမျိုးမျိုးချက်ပြုတ်၍ စားသောက်ကြသည်။ မျှစ်စို့ပေါက်ကို မိုးရာသီအချိန်တွင် အများအပြားရရှိနိုင်သဖြင့် စားသုံးသူများက သူ့ချည်းပဲဖြစ်စေ၊ အချဉ်လုပ်၍ဖြစ်စေ ကြက်သား၊ ငါးတို့ဖြင့်ရော၍ဖြစ်စေ စားသောက်ကြသည်။ ထိုမှတစ်ဆင့်ကြီးလာသော မျှစ်စို့ပေါက်မှ ဝါးအဖြစ် အသွင်ပြောင်းပြီး လူအများက ဝါးကို အမျိုး မျိုးအသုံးပြုကြသည်။ ဝါးကို အိမ်တိုင်အဖြစ်အသုံးပြု၍လည်းကောင်း၊ အခင်းအဖြစ်လည်းကောင်း၊ အိမ်၏အမိုးအကာအဖြစ်လည်းကောင်း၊ အခြားလူအသုံးအဆောင်ပစ္စည်းများကိုလည်း ဝါးဖြင့် ပြုလုပ်ကြသည်။ ဝါးပင်၏ အမြစ်ပိုင်းကို ဆေးလိပ်သောက်ရာတွင် အသုံးပြုသော ဆေးအိုးတံများ၊ တောင်ဝှေးခေါင်းနှင့် အလှအပပစ္စည်းအဖြစ် အသုံးပြုနိုင်သလို ပင်စည်ပိုင်းကို လူတို့အတွက် အသုံးဝင်သည့် လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် အသုံးပြုနိုင်ပြီး အဖျားပိုင်းရှိ ဝါးရွက်များကို နွားစာအဖြစ် အသုံးပြုကြသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ကိုးကွင်းစဉ်ရွာတွင် ဝါးကုလားထိုင် အတို/အရှည်များကို လုပ်ငန်းရှင်လေးဦးတို့မှ ထုတ်လုပ်ရောင်းချကြောင်း သိရသည်။
ဝါးကုလားထိုင်လုပ်ငန်း
ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ကိုးကွင်းစဉ်ရွာတွင် ဝါးကုလားထိုင်လုပ်ငန်း လုပ်ကိုင်သူ ဦးသန်းထွန်းက ဝါးကုလားထိုင်လုပ်ကိုင်ရာတွင် လုပ်သားအရေအတွက် ၇၅ ဦးရှိပြီး တစ်ရက်လျှင် လုပ်သားတစ်ဦးလုပ်အားခရငွေမှာ ကျပ် ၄၅၀ဝ-၅၀ဝ၀ ခန့် ပေးချေရသည်ဟုသိရသည်။ လုပ်သားတစ်ဦးလျှင် တစ်ရက်လျှင် ဝါးကုလားထိုင် သုံးလုံးခန့်ပြုလုပ်နိုင်ပြီး လိုအပ်သောဝါးများကို မကွေးတိုင်းဒေသကြီး၊ ကံမမြို့မှဝယ်ယူ၍ ပြုလုပ်ရကြောင်းသိရသည်။ါး ကုလားထိုင်တစ်လုံး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် ၂၀ဝ၀ ခန့် ကုန်ကျပြီး ကုလားထိုင်တစ်လုံးရောင်းရငွေမှာ ကျပ် ၄၅၀ဝ ခန့်ရှိကြောင်း သိရသည်။ ကုလားထိုင်တစ်လုံး၏ အသားတင်အကျိုးအမြတ်မှာ ကျပ် ၂၀ဝ၀ ခန့် ရရှိကြောင်းသိရသည်။ ရွှေတောင်မြို့မှ ထွက်ရှိလာသော ဝါးကုလားထိုင်များကို ဝါးလည်ကျေးရွာရှိ ရန်ကုန်၊ ပြည်ကားလမ်းဘေးတွင် အထိုင်ချ၍ ရောင်းချကြသဖြင့် အဝေးပြေးကားဖြင့် ခရီးသွားကြသော ခရီးသွားပြည်သူများ၊ ကိုယ်ပိုင်ကားဖြင့် ခရီးသွားကြသော ပြည်သူများက ဝယ်ယူကြသလို ကုန်တင်ကားများဖြင့်လည်း ဝယ်ယူကြပြီး အနီးအနားရှိ မြို့ရွာများသို့လည်း သွားရောက်၍ရောင်းချကြောင်းသိရသည်။ ဝါးကုလားထိုင်များကို တစ်ဒိုင်လျှင် တစ်ရက်အလုံး ၂၀ ခန့် ရောင်းချရကြောင်း သိရှိရသည်။
သုံးသပ်တင်ပြချက်
ထိုသို့ ဝါးကုလားထိုင်များသာမက တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လူ့အသုံးအဆောင်ပစ္စည်းများကိုလည်း သေသပ်ခမ်းနားစွာပြုလုပ်ပြီး ရောင်းချနိုင်မည်ဆိုလျှင် အကျိုးအမြတ်များ ပိုမိုရရှိလာမည့်အပြင် ပြည်တွင်းရှိအလုပ်သမားများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။ ဝါးပင်မှအစပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်နိုင်မည်ဆိုလျှင် နိုင်ငံခြားသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိလာနိုင်သလို ပြည်တွင်းဈေးကွက်တွင်လည်း ဝင်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။ ရွှေတောင်မြို့နယ်အနေဖြင့်လည်း ဝါးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်မြို့နယ်အဖြစ် လူသိများလာနိုင်မှာလည်းဖြစ်သလို အမြတ်အစွန်းများ ပိုမိုရရှိလာနိုင်မည်ဆိုလျှင် လုပ် ငန်းရှင်အရေအတွက်လည်း ပိုမိုများပြားလာနိုင်မှာဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။
ဝေဝေမင်း(ပြည်)
