ပီအက်စ်အိုင်

ပြည်တွင်းရှိ ဆန်စပါး  အရည်အသွေး ကောင်းမွန်မှန်ကန်စေရေးမှာ ဆန်နှင့်  ဆန်ထွက်ပစ္စည်းများ အလေးချိန်၊ အရည်အသွေးနှင့် အရည်အသွေး ထိန်းသိမ်းခြင်း  လုပ်ငန်းစဉ်များသည် အရေးပါသော ကိစ္စရပ်များဖြစ်သည်။
ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပြည်ပတင်ပို့ရာမှာ အရောင်းအဝယ်စာချုပ်တွင် သတ်မှတ်ထားသော အရည်အသွေး၊ အလေးချိန်တို့နှင့် ကိုက်ညီမှုရှိကြောင်း မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (Myanmar Inspection & Testing Services Ltd - MITS) ၏ စစ်ဆေးတွေ့ရှိချက် ရရှိပြီးမှသာ ပြည်ပတင်ပို့မှုအတွက်  အကောက်ခွန်ဦးစီးဌာနမှာ လုပ်ငန်းများ  ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 
မိမိတို့ မြန်မာနိုင်ငံမှ တင်ပို့သော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ဝယ်လက်နိုင်ငံကို ရောက်ရှိသောအခါ အရောင်းအဝယ်စာချုပ်ပါ သတ်မှတ်အရည်အသွေးများနှင့် ကွဲလွဲမှုများကြောင့် နိုင်ငံ့ပုံရိပ်မထိခိုက်စေရေး၊ သတ်မှတ် အရည်အသွေးထက် အပိုအလိုမရှိစေရေး ထိန်းကျောင်းနိုင်ရန်အတွက် MITS  မှ သင်္ဘောမတင်မီ စစ်ဆေးရေး ထောက်ခံချက်ကို  ထုတ်ပေးလျက်ရှိသည်။
အကောက်ခွန် ဦးစီးဌာနမှာ သင်္ဘောတင်အတွက် လုပ်ငန်းများ လုပ်ဆောင်ခြင်းကို File Run သည်ဟု ယေဘုယျ  ပြောဆိုသုံးနှုန်းလျက်ရှိပါ သည်။
ယခုအခါ အကောက်ခွန်ဦးစီးဌာနမှာ File Run ရန်အတွက် MITS မှ  သင်္ဘောမတင်မီ စစ်ဆေးချက်လက်မှတ် Preshipmant Inspection Certificate ကို  စမ်းသပ်ကာလအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှစတင် ထုတ်ပေးနေပြီဖြစ်သည်။
MITS တွင် PSI Certificate ကို လျှောက်ထားရာတွင် လုပ်ငန်းများ လွယ်ကူချောမွေ့ အဆင်ပြေစေရန်အတွက် တင်ပြရမည့် စာရွက်စာတမ်း အမျိုးအစားများမှာ  ကုမ္ပဏီ၏ Letter Head နှင့် အုပ်ချုပ်မှုဒါရိုက်တာကို လိပ်မူထားသော လုပ်ငန်းအပ်နှံစာ၊ သင်္ဘောတင်လမ်းညွှန်ချက် (Shipping Instruction - SI) အရောင်းအဝယ် စာချုပ်၊ ပို့ကုန်လိုင်စင်၊  ကုန်ဝယ်သူမှ လုပ်ငန်းအပ်နှံထားသည့်  စစ်ဆေးရေးအဖွဲ့၏ သင်္ဘောမတင်မီ ကြိုတင်စစ်ဆေးချက်များနှင့်အတူ တစ်ကီလိုဂရမ် အလေးချိန်ရှိသော နမူနာထုတ်တို့ဖြစ် သည်။
PSI Certificate ထုတ်ပေးရာတွင် မှန်ကန်မြန်ဆန်မှုရှိစေရေးအတွက် ကုမ္ပဏီမှ   အောက်ပါအချက်များကိုလည်း ကုမ္ပဏီအမည်ပါစာရွက် (Letter Head) နှင့် အောက်ပါအချက်များကို ဖော်ပြပြီး ပူးတွဲပေးရန် လိုအပ်သည်-
ပို့ကုန်တင်ပို့သည့် ကုမ္ပဏီအမည်နှင့်လိပ်စာ၊ ကုန်ဝယ်သူ ကုမ္ပဏီအမည်နှင့်လိပ်စာ၊ သင်္ဘောအမည်၊ ခရီးစဉ်အမှတ်၊ ထုပ်ပိုးမှုပုံစံ/ အမျိုးအစား၊ ကုန်အမှတ်တံဆိပ် (Marking) ကုန်ပစ္စည်းအမျိုးအမည်  (e.g- ဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်၊White Rice Kayinma 5%)၊ H.S Code တင်ပို့မည့် အိတ်အရေအတွက်၊ တစ်အိတ်ချင်း၏အလေးချိန် (ကီလိုဂရမ်နှင့်ဖော်ပြရန်)၊ အရေအတွက်၊ လိုင်စင်နံပါတ်၊ သိုလှောင်ရုံလိပ်စာ၊ စစ်ဆေးရေး အဖွဲ့အမည်တို့ကို မှန်ကန်စွာ ရေးသားဖော်ပြပေးရန် လိုအပ်ပါမည်။
MITS သည် နေ့စဉ် မွန်းလွဲ ၁ နာရီမတိုင်မီ လာရောက်အပ်နှံမှုများ ကို ၂၄ နာရီအတွင်းတွင်လည်းကောင်း၊ ၁ နာရီနောက်ပိုင်း လာရောက်အပ်နှံမှုများကို ၄၈ နာရီအတွင်း (စနေ၊ တနင်္ဂနွေပိတ်ရက်မရှိ) ထုတ်ပေးလျက် ရှိကြောင်း အသိပေးလိုက်ရသည်။
၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှစပြီး စမ်းသပ်ကာလအဖြစ် MITS ၏ PSI Certificate ကို  အကောက်ခွန်ဦးစီးဌာန၏ မြန်မာကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးစနစ် (MACCS System) တွင် ပူးတွဲတင်ပြ (File Run) ခြင်းကို ဆောင်ရွက်နေပြီဖြစ်ရာ ဆန်နှင့် ဆန်ထွက်ပစ္စည်း ပြည်ပသို့ တင်ပို့မည့် ကုမ္ပဏီများ PSI Certificate လျှောက်ထားရာတွင် လွယ်ကူချောမွေ့ အဆင်ပြေစေရေးအတွက် အသိပေးလိုက်ရခြင်း ဖြစ်ပါသည်။ 
KKCM