MACCS Online Payment System အား ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ဖြင့် စတင်အသုံးပြု
MACCS Online Payment System အား ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ဖြင့် အသုံးပြုလျက်ရှိပြီး ယင်းSystemအား MACCS စနစ်အသုံးပြုသော ဒေသများတွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဧပြီ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)ရှိ ဇေယျာသီဟ အစည်းအဝေးခန်းမ၌ ကျင်းပသည့် MACCS Online Payment System အား ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ဖြင့် အသုံးပြုကြောင်း ကြေညာခြင်းအခမ်းအနားမှ သိရသည်။
ဆိုပါစနစ်တွင် ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်တွေအနေဖြင့် မိမိတို့၏ Declaration Number ကို အသုံးပြုပြီး Mobile Banking (သို့မဟုတ်) Internet Banking မှတစ်ဆင့် အခွန်အခများကို Direct Payment အဖြစ် တိုက်ရိုက်ပေး ဆောင်နိုင်မည့်အပြင်MACCS စနစ်အတွင်းတွင်ရှိသည့် Deposit Account ထဲသို့ ငွေဖြည့်သွင်းခြင်း (Addition Only) များကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
ယင်းစနစ်ကြောင့် အကောက်ခွန်ရုံးများ၊ ဘဏ်များသို့ လူကိုယ်တိုင် သွားရောက်စရာမလိုတော့ဘဲ မိမိနေရာမှ အချိန်မရွေး ၂၄ နာရီပတ်လုံး အခွန်ပေးဆောင်နိုင်ခြင်းကြောင့် အချိန်ကုန်သက်သာစေမည်ဖြစ်ပြီး ကုန်ပစ္စည်းစီးဆင်းမှုကိုလည်း ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။
ထို့ပြင် အသုံးပြုနိုင်သည့် နေရာများအဖြစ် ရန်ကုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်များအပြင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မန္တလေးနှင့် မြိတ် စသည့် နယ်စပ်ကုန် သွယ်ရေးစခန်းများတွင်ပါ တိုးချဲ့အသုံးပြုနိုင်နေပြီဖြစ်ကြောင်း သိရသည်။
ကိုတိုး
