စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ Indonesia Expo 2026 အင်ဒိုနီးရှားကုန်စည်ပြပွဲ ၂၀၂၆ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား
အင်ဒိုနီးရှားကုန်စည်ပြပွဲ ၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max ဟိုတယ်၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့အကြားစီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန်၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှု နည်းပညာများဖလှယ်ရန်၊ အပြန်အလှန်ဆက်ဆံမှုနှင့် ယုံကြည်မှုများ တိုးမြင့်လာစေရန်အတွက် အရေးပါသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေး၊ ကုန်သွယ်မှုကွန်ရက်များ တိုးမြှင့်ရေးတို့သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍများဖြစ်ပါကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံစီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ အင်ဒိုနီးရှားကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား နိုင်ငံသံရုံးမှ သံရုံးတာဝန်ခံတို့ကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခန်းမအတွင်း နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များက ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အခြေစိုက်ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ယနေ့ပြပွဲတွင် မြန်မာနိုင်ငံဘက်မှ UMFCCI , MRCCI အပါအဝင် ပုဂ္ဂလိက ကဏ္ဍမှ ပြခန်း ၂၀ နှင့် အင်ဒိုနီးရှားနိုင်ငံဘက်မှ လေကြောင်းပို့ ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ရိုးရာပစ္စည်းများ၊ ပါတိတ်အထည်နှင့် အဝတ်အထည်လုပ်ငန်း၊ ဆေးဘက်ဆိုင်ရာကိရိယာများနှင့် ဆေးဝါးလုပ်ငန်းများ စုစုပေါင်း ပြခန်း ၆၀ ပါဝင်ပြသခဲ့ပြီး ပြပွဲကို အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်ထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
MOC(IR)
