မြစ်သားမြို့နယ်တွင် မိုးကြက်သွန်များစိုက်ပျိုးပြီးစီးမှုနှင့် ဈေးကွက်အလားလာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့ နယ်တွင် မိုးကြက်သွန်နီစိုက်ပျိုးမှု စုစုပေါင်း ဧက ၃၅၇၀ စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရှိရသည်။ 
မြစ်သားမြို့နယ်သည် ခရိုင်အတွင်း မိုးကြက်သွန်ကို အများဆုံးစိုက်ပျိုးသည့်မြို့နယ်ဖြစ်ပြီး အဓိကစိုက်ပျိုးသောမျိုးများမှာ ရေရှည်အထားခံပြီး ပို့ကုန်အတွက်အကောင်းဆုံးဖြစ်သည့် ရွှေဖလား (မြစ်သားမျိုး)စစ်စစ်ကို အဓိကထား စိုက်ပျိုးကြသည်။ 
အများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ ကသဲကုန်း၊ သိုတန်၊ ဆင်းကွတ်၊ လေးဆယ်ကုန်း၊ မယှက်ကျေးရွာနှင့် ဒါးရဲကောင်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြသည်။ မိုးကြက်သွန်နီသည် မြို့နယ်အတွင်း ဆောင်းကြက်သွန်ကဲ့သို့ စိုက်ဧကမများသော်လည်း သီးနှံပေါ်ချိန်တွင် ဈေး ကောင်းရရှိသဖြင့် စိုက်ပျိုးသည့်တောင်သူများ အကျိုးအမြတ်ပိုမိုရလေ့ရှိကြောင်း၊ မိုးကြက်သွန်နီစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၃၅ သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အထွက်နှုန်းကောင်းလျှင် ကုန်ချိန် ၃၀၀၀ ပိဿာ ထွက်ရှိပြီး အထွက်နှုန်းလျော့နည်းလျှင် ပိဿာ၂၄၀၀- ၂၅၀၀ ထွက် ရှိကြောင်း သိရသည်။ 
ဈေးကွက်အနေဖြင့် ပွဲစားများက စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး မြို့နယ်အတွင်း ရောင်းချမှုအပြင် ရန်ကုန်၊ မန္တလေး၊ ကျောက်ဆည် စသည့်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၃၅၀၀ ဈေးနှုန်းဖြင့်ရောင်းချရသဖြင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြောင်း၊ ယခု မိုး ကြက်သွန်ထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း မိုးကြက်သွန်နီစိုက်ပျိုးသော တောင်သူတစ်ဦးထံမှသိရှိရသည်။

မော်မော်အောင်