အင်ဒိုက ဆန်တင်သွင်းမှာလား

အင်ဒိုက ဆန်တင်သွင်းမှာလား            အင်ဒိုနီးရှားနိုင်ငံက အစောပိုင်းက ဆန်ဖူလုံမှုအလုံအလောက်ရှိရာ ဆန်တင်သွင်းဖို့ မလိုကြောင်း ပြောကြားခဲ့သော်လည်း ယခုအခါ ပြည်တွင်းဆန်သိုလှောင်ထားမှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဆန်ကို တင်သွင်းနိုင်ကြောင်းနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုမဲ့ပမာဏကို စောင့်စားနေကြောင်း အစိုးရအရာရှိမှ ပြောကြားလိုက်တယ်။             နိုင်ငံတောင်ပိုင်ဆန်ဝယ်ယူရေးအေဂျင်စီဖြစ်တဲ့ Bulog  ကို ယခုနှစ်မှာ ဆန်တင်သွင်းခွင့်ပြုထားကြောင်းနဲ့ ဒီလိုခွင့်ပြု ထားခြင်းမှာ ပြည်တွင်းဆန်သိုလှောင်ထားမှု ဖူလုံမှုရှိစေဖို့ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက ပြောကြားလိုက်တယ်။ Bulog ကို ဆန်တင်သွင်းဖို့ ခွင့်ပြုခြင်းမှာ အစိုးရရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဆန်ဝယ်ယူ ရေးအေဂျင်စီက အမည်မဖော်လိုသူ အရာရှိရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးဝန်ကြီး ဌာနမှ သွင်းကုန်ခွင့်ပြုချက်မရရှိသေးကြောင်း သိရှိရတယ်။               မေလနှောင်းပိုင်းက အင်ဒိုနီးရှားလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ၂ဝ၁၁ ခုနှစ်မှာ စပါးထွက်နှုန်း ကောင်းမွန်ကာ တန်ချိန် ၇ဝ ဒသမ ၆ သန်းကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာမှာ ဆန်တတိယ အများဆုံးစိုက်ပျိုးတဲ့ အင်ဒိုနီးရှားအနေနဲ့ ဆန်ဖူလုံမှုရှိပြီဖြစ်ကြောင်းနဲ့ ယခုနှစ်အတွက် ဆန်တင်သွင်းဖို့ မလို အပ်တော့ကြောင်း ပြောကြားခဲ့တယ်။             Bulog ရဲ့ အမှုဆောင်အရာရှိက ရိုက်တာသတင်းဌာနကို ဆန်ပိုမိုတင်သွင်းဖို့အတွက် အလားအလာ ကောင်းတွေမြင်နေ ရကြောင်းနဲ့ ဗီယက်နမ်မှ ဆန်ကိုတင်သွင်းဖို့အတွက် လေ့လာသုံးသပ်နေကြောင်း ပြောကြား လိုက်တယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က ဗီယက်နမ်နိုင်ငံတော်ပိုင်သတင်းစာတွေမှာ အင်ဒိုနီးရှားက ဗီယက်နမ်မှ ဈေးသက်သက်သာသာနဲ့ ဆန်တန်ချိန် လေးသိန်းမှ ခြောက်သိန်းကြားတင်သွင်းသွားဖို့ ညှိနှိုင်းနေကြောင်း ဖော်ပြထားတယ်။ ယခုအခါ အင်ဒိုနီးရှားမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်နေရာ တင်သွင်းဖွယ်ရာတွေ ဖြစ်လာကြောင်း ကုန်သည်တွေက သုံးသပ်ထားတယ်။               ဒါပေမဲ့ ကုန်သွယ်ရေးဝန်ကြီး Mari Pangestu ကမူ အင်ဒိုနီးရှားအနေနဲ့ ဆန်ဘယ်လောက် တင်သွင်းဖို့ မဆုံးဖြတ်ရသေး ကြောင်းနဲ့ ဆန်ထွက်ရှိမှုအခြေအနေကို စောင့်ကြည့်နေကြောင်း Reuters သတင်းဌာနကို ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဆန်သိုလှောင်ထားမှု ပြတ်လပ်မှုကြောင့်မဟုတ်ဘဲ ပြည်သူတွေ စားနပ်ရိက္ခာ ဖူလုံမှုရှိရေးအတွက် ဆန်သိုလှောင်ထားမှုကို စိတ်ချရတဲ့ အခြေအနေမှာ ထိန်းထားဖို့အတွက်သာ တင်သွင်းလိုကြောင်း Pangestu  ကဖြည့်စွက် ပြောကြားလိုက်တယ်။ ယခုအခါ စားသုံးမှုအတွက် ဆန်သိုလှောင်ထားမှု အလုံအလောက်ရှိကြောင်း၊ ပြည်သူတွေနဲ့ စိုးရိမ်စရာ မရှိ ကြောင်းနဲ့ ကောက်ရိတ်သိမ်းချိန်ရပ်နားတဲ့ နှစ်ကုန် ပိုင်းတွေသာ ကုန်လက်ကျန်လျော့နည်းသွားမှာဖြစ်ကြောင်း သူမက ပြောကြားလိုက်တယ်။              အေးမွန်မွန်လှိုင်၊Source:www.forexyard.com