မန္တလေး-ဗန်းမော် အစုန်အဆန်သွား သင်္ဘော ခရီးစဉ်

မန္တလေး-ဗန်းမော် အစုန်အဆန်သွား သင်္ဘော ခရီးစဉ်               မိုးတွင်းကာလဖြစ်၍ မန္တလေး-ဗန်းမော်သို့ ကားလမ်းများအနေဖြင့် အခက်အခဲရှိတာကတစ်ကြောင်း၊ သယ်ယူခဈေးနှုန်းကြီးတာက တစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကားကြီးများနဲ့ သယ်ဆောင်သွားလာခြင်း နည်းပါးသွားပြီး စရိတ်သက်သာတဲ့ သင်္ဘောခရီးစဉ်များနဲ့ အများဆုံးသွားလာနေကြတာကို တွေ့ရပါတယ်။ မန္တလေး-ဗန်းမော်သင်္ဘောဖြစ်တဲ့ ပြည်ကြီးတံခွန်-၁ သင်္ဘောပေါ်မှာ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်တဲ့ ဆန်အိတ်၊ ဂံျုမှုန့်အိတ်၊ ဆားအိတ်၊ ကြက်သွန်နီအိတ်၊ အာလူး၊ ငရုတ်ခြောက်၊ ချင်း၊ ကြက်ဥသေတ္တာ၊ နို့ဆီဖာ၊ သကြားအပါအဝင် ငါးခြောက်အိတ်၊ ပဲမျိုးစုံ၊ စားဆီပုံးများ၊ အိမ်ဆောက်ပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ သွပ်ပြား၊ သင်္ဘောဆေးဘူးများနဲ့ ဓာတ်မြေသြဇာအိတ်များ၊ လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ ဝါယာ၊ ပန်ကာ၊ တီဗွီမျိုးစုံ၊ ရေခဲသေတ္တာ၊ ကားတာယာ၊ ဆိုင်ကယ်တာယာစတဲ့ လူသုံးကုန်၊ အိမ်သုံးကုန်မျိုးစုံ ခန့်မှန်းတန်ချိန် ၁၅ဝ တန်နဲ့ ခရီးသည်ပေါင်း ၁၃ဝ ကျော်ကို သယ်ဆောင်ပြီး နံနက် ၆ နာရီထွက်မှာ ဖြစ်ပါတယ်။        ''ကျွန်တော်ကတော့ ၁၅ရက်တစ်ကြိမ် မန္တလေးသို့ဆင်းလာပြီး ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငါးခြောက်၊ ဆား၊ ငရုတ်ခြောက်အိတ်များကိုဝယ်ယူပြီး၊ ဗန်းမော် ဈေးမှာရောင်းပါတယ်။ ကျွန်တော့်နည်းတူ တခြားကုန်သည်များကလည်း သက်ဆိုင်ရာ အိမ်သုံးကုန်၊ လူသုံးကုန်များဝယ်ယူပြီး ဗန်းမော်ဈေးကွက်မှာပဲ ရောင်းကြမှာပါ။               သင်္ဘောကုန်တင်ခနဲ့ ပတ်သက်လို့ ရိုးရိုးကုန်စည်ပိဿာချိန် ၁ဝဝ လျင် ၃၆ဝ ကျပ်၊ ညစ်ညမ်းကုန်စည် ပိဿာချိန် ၁ဝဝ လျင် ၅၄ဝ ကျပ်၊ ကုန်ပွကုန်စည် ပိဿာချိန် ၁ဝဝ လျင် ၇၂ဝ ကျပ်၊ လူစီးခက ရိုးရိုးတန်း ၁၃၈ဝ ကျပ်၊ အထက်တန်း ၂၇၅ဝ ကျပ်၊ ပထမတန်း ၄၉၅ဝ ကျပ် ဖြစ်ပါတယ်။ မန္တလေး-ဗန်းမော် ရေလမ်းခရီး ၂၇၅ မိုင်ဖြစ်ပြီး ကျောက်မြောင်း၊ သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူ-ဗန်းမော်စတဲ့ ဆိပ်ကမ်းမြို့များမှာလည်း ကုန်အတင်အချလုပ်ပါသေးတယ်။ ခရီးစဉ် ကြာမြင့်မှုက ၄ ရက်ကြာပါတယ်။ ဒီလိုနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်တာ နှစ်ကာလကြာမြင့်ပါပြီ။ အဓိက စားကုန်များကို မန္တလေးမြို့မှ သယ်ယူသက်သာတဲ့အတွက် ရေလမ်းခရီးမှသာ သယ်ယူပို့ဆောင်ကြတယ်လို့ ဗန်းမော်ကုန်သည်တစ်ဦးက ပြောပါတယ်။ ကျော်ဦး