ကားခဈေးမြင့်၍ အိမ်ဆောက်ပစ္စည်းများကို မီးရထား၊ သင်္ဘောများဖြင့် တင်ပို့နေ

                 အိမ်ဆောက်ပစ္စည်းများ တင်ပို့သယ်ဆောင်ရာတွင် ကားခဈေးမြင့်လို့ မီးရထား၊ သင်္ဘောများဖြင့် တင်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ မဒီနား ကုမ္ပဏီပိုင်ရှင် ဦးမျိုးချစ်က " အရင်ကအိမ်ဆောက်ပစ္စည်းတင်ရင် ကားနဲ့တင်တာ။ ကားခက အောက်တိုဘာ ၁ရက်ကစပြီး ဈေးတက်လို့ ရထားနဲ့ သင်္ဘောကိုစောင့်တင်ရတာ၊ ကားနဲ့ တင်ရင် ဘိလပ်မြေ တစ်အိတ် ကျပ် ၂၀၀၀ ပေးရတယ်။ သံချောင်း တစ်တန်ကို ၄၆၀၀၀ ကျပ်ပေးရတယ်။ သင်္ဘောနဲ့တင်ရင် ဘိလပ်မြေတစ်အိတ် ကျပ် ၁၀၀၀ ပဲ ပေးရပြီး ရထားနဲ့တင်ရင် ကျပ် ၁၂၅၀ ပေးရတယ်။ ရန်ကုန်ကနေ ဘိလပ်မြေနဲ့ သံချောင်း မန္တလေးကို ပုံမှန်အဝင်ရှိတယ် "လို့ ပြောပါတယ်။                  ယခုတစ်ပတ် ရန်ကုန်မှ မန္တလေးကို သင်္ဘောဖြင့် ဘိလပ်မြေအိတ်ပေါင်း ၁၂၀၀၀ နဲ့ ၁၆၀၀၀ ကြား နေ့စဉ်အဝင်ရှိကြောင်း သိရပါတယ်။ အိမ်ဆောက်ပစ္စည်းများကို မြစ်ကြီးနား၊ မိုးကောင်းမြို့များသို့ အများဆုံးတင်ပို့ရောင်းချ ခြင်းကြောင့် မီးရထားတင်ပို့ခမှာ ဈေးအပြောင်းအလဲရှိလာပါတယ်။ တွဲတစ်တွဲ ကျပ်သိန်း ၂၀ နဲ့ ၂၃ သိန်း ကြားရှိခဲ့ပြီး၊ ယခုတစ်ပတ် ကျပ်နှစ်ဆယ့်လေးသိန်းပေးကာ တင်ဆောင်ရကြောင်း သိရပါတယ်။ ရထားတွဲ ၁၀ တွဲပါပါက ခုနစ်တွဲမှာ အိမ်ဆောက်ပစ္စည်းအများဆုံးတင်ပို့မှု ရှိခဲ့ရာ ဘိလပ်မြေ၊ သံလုံး၊ သံ၊ သွပ်၊ မျက်နှာကြက်များ တင်ပို့မှုရှိခဲ့ပါတယ်။ မြစ်ကြီးနား၊ မိုးကောင်းသို့ တစ်ရက်နှစ်ရက်အတွင်း တင်ပို့မှုအေးသွားပြီး မိုးကုတ်၊ မတ္တရာဘက်သို့ မိုးပြတ်စပြုပြီဖြစ်လို့ စတင်တင်ပို့ရပြီဖြစ်ပါတယ်။ မန္တလေးမြို့အတွင်း ဈေးကွက်တွင် အရောင်းအဝယ်အေးပြီး ပစ္စည်းအဝင်များခြင်းကြောင့် ဈေးနှုန်းကျနိုင် ဖွယ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး