ဗီယက်နမ် မဲခေါင်ဒေသတောင်သူများ အကြီးစားစံပြလယ်ကွင်းများ တည်ထောင်ခြင်းဖြင့် စပါးထုတ်လုပ်မှုမြှင့်တင်
ဗီယက်နမ်အစိုးရ ရည်မှန်းချက်အရ မဲခေါင်မြစ်ဝှမ်းဒေသမှ တောင်သူများသည် စပါးထွက်ရှိမှုကို ယခု နှစ်တွင် တန်ချိန် ၁ သန်းကျော် တိုးမြှင့်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၈ ရက်ကျင်းပတဲ့ Hou Giang ပြည်နယ်ညီလာခံတွင် ပြောကြားခဲ့ပြီးနောက် စပါးအထွက်အစီအစဉ်များလည်း ဆွေးနွေးခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး Bui Ba Bong မှ ပြောကြားပါတယ်။ ယခုနှစ်စပိုင်းက ရာသီဥတု အပြောင်းအလဲစိန်ခေါ်မှုတွေကြောင့် ရည်မှန်းထားတဲ့ပမာဏ ရရှိဖို့ ခဲယဉ်း မယ်လို့ထင်ခဲ့ရပါတယ်။ ဒါပေမဲ့ တောင်ပိုင်းဒေသစပါးထွက်ရှိမှုဟာ ယခင်နှစ်ထက်တန်ချိန် ၁ ဒသမ ၅၂ သန်းပိုမိုပြီး၊ တန်ချိန် ၂၅ ဒသမ ၂ သန်းထွက်ရှိခဲ့ပါတယ်။ အဲဒီလို အောင်မြင်ခြင်းဟာ မြစ်ဝှမ်းဒေသမှာ အကြီးစားစံပြလယ်ကွင်းကို အကောင်အထည် ဖော်ခဲ့တာ ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ စံပြစီမံကိန်းအရ မြေများစုစည်းပြီး လယ်ပိုင်ရှင်များနဲ့ စီးပွားရေးလုပ်ငန်းရှင်များစွာကို စပါး စုပေါင်းစိုက်ပျိုးဖို့ စုစည်းခဲ့တယ်လို့သိရပါတယ်။ မဲခေါင်ဒေသအတွင်း လယ်ပိုင်ရှင် ၆၄၀၀ ကျော်ရဲ့ လယ်မြေဟက်တာ ၈၀၀၀ ဝန်းကျင်ကို ယခုနှစ် မိုးစပါးနဲ့ နွေစပါးများ စိုက်ပျိုးခဲ့ကြပါတယ်။ လုပ်ငန်းရှင်များမှ တောင်သူများကို မျိုးစေ့၊ မြေသြဇာများထောက်ပံ့ခြင်း၊ ဆည်မြောင်းသွယ်ပေးခြင်း၊ နည်းပညာများတိုးမြှင့်ပေးခြင်းနဲ့ ခေတ်မီ လယ်ယာသုံး ပစ္စည်းများ ပံ့ပိုးခြင်းအားဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ကာ ထုတ်လုပ်မှုနဲ့ အရည်အသွေးတိုးတက်လာခဲ့ပါတယ်။ လုပ်ငန်းရှင်များကို တောင်သူထွက်ရှိတဲ့စပါးများ ရောင်းချပေးခြင်းဖြင့် ရေရှည်မှာလုပ်ငန်းရှင်များလည်း အကျိုးအမြတ် ရရှိမယ်လို့ ဆိုပါတယ်။ အကြီးစားလယ်ကွင်းများမရှိရင် မဲခေါင်ဒေသတောင်သူများဟာ ဆင်းရဲမြဲဆင်းရဲနေဦးမယ်လို့ Bong ကပြောကြားပါတယ်။ အဲဒီလိုစံပြလယ်ကွင်းများကို အခြားဒေသတွေမှာလည်း တိုးချဲ့သင့်ပြီး၊ မဲခေါင်ဒေသအတွင်း မှာလည်း စံပြလယ်ကွင်းများကို ၂၀၁၂ မှာ ဟက်တာ ၅၀၀၀၀၊ ၂၀၁၃ ခုနှစ်မှာ ဟက်တာ ၁ သိန်းအထိ တိုးချဲ့ဖို့လိုအပ် တယ်လို့ဆိုပါတယ်။ အဲဒီလိုသာ တိုးချဲ့နိုင်မယ်ဆိုရင် အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်သစ်အတွက် လည်း ကြီးမားစွာ အထောက်အကူ ပြုလိမ့်မယ်လို့ ထပ်လောင်းပြောကြားပါတယ်။ စံပြလယ်ကွင်းများဟာ ဗီယက်နမ်ရဲ့GAP (Good Agricultural Practices) စနစ်နဲ့အညီ လုပ်ငန်းရှင်များနဲ့ တောင်သူများမှ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး Pham Van Du က ကလည်း ပြောကြားပါတယ်။ ဆန်ထွက်ရှိမှုနဲ့ တင်ပို့မှုကောင်းရင် တောင်သူတွေဝင်ငွေပိုမိုရရှိမှာဖြစ်ပြီး အရည်အသွေးမြင့် စပါးမျိုးသစ်ကို ကျယ်ကျယ် ပြန့်ပြန့်သုံးစွဲနေခြင်းကြောင့်လည်း အထွက်နှုန်းတိုးခြင်းဖြစ်တယ်လို့ ထပ်လောင်းပြောကြား ပါတယ်။ ယခုနှစ်တွင် ဗီယက်နမ်က ဆန်တန်ချိန် ၇ သန်းကျော် တင်ပို့ဖွယ် ရှိပါတယ်။ လာမယ့်နှစ်မှာ ဆန်တန်ချိန် ၆ ဒသမ ၅ သန်း - ၇ သန်းအထိ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်များစွာက ဆန်တင်ပို့ဖို့ လိုင်စင်ယူထားခြင်း အားဖြင့် ပြည်တွင်းဈေးကွက် ပျက်မှာကိုတော့ စိုးရိမ်တယ်လို့ ဆိုပါတယ်။ စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆန် ကုန်သွယ်ဖို့နဲ့ တင်ပို့ဖို့အတွက် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှင်တွေရဲ့ စာရင်းကိုတော့ ဂရုတစိုက် သုံးသပ်ဖို့ လိုမယ်လို့ ဆိုပါတယ်။ Hau Giang ပြည်နယ်စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဌာနဒါရိုက်တာ ငုယင်ဗန်ဒေါင်ပြောကြားချက်အရ ရိတ်သိမ်းချိန်လွန်မှာ နည်းပညာဗဟုသုတနည်းခြင်း၊ အစိုးရ၊ သိပ္ပံပညာရှင်၊ တောင်သူများနဲ့လုပ်ငန်းရှင်များအကြား နီးကပ်စွာ ဆောင်ရွက်မှု မရှိခြင်းအပါအဝင် စိန်ခေါ်မှုများစွာတော့ ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။ လမင်း၊Source: VNA
