ကမ္ဘာ့စားနပ်ရိက္ခာဖူလုံဖို့ ဗီယက်နမ်ဆန်က အထောက်အပံ့ပြုနေ ၂၀၁၅ မှာ ဆန်တန်ချိန် ၁၀ သန်း တင်ပို့နိုင်မယ်လို့ဆို
လွန်ခဲ့တဲ့နှစ် ၂၀ ကျော်မှာ ဗီယက်နမ်ဆန်တင်ပို့မှုက စံချိန်တင်တိုးတက်ခဲ့ခြင်းဟာ အမျိုးသား စားနပ်ရိက္ခာ ဖူလုံရုံ သာမက ကမ္ဘာ့စားနပ်ရိက္ခာအတွက်လည်း အထောက်အပံ့ပြုနေတယ်လို့ နိုဝင်ဘာ ၉ ရက်ညီလာခံမှာ ကျွမ်းကျင်သူများက ပြောကြားပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ ဝယ်လိုအား တိုးတက်လျက်ရှိတဲ့တိုင် စပါးစိုက်ပျိုးဖို့ ဧရိယာ လျော့ကျမှုကိုတော့ စိုးရိမ်နေရတဲ့ အချက်ပဲဖြစ်ပြီး၊ ပိုမို ကောင်းမွန်တဲ့ လယ်ယာစံပြ စိုက်ခင်းများကို အလေးထားဖို့ လိုအပ်ပြီလို့လည်း ဆိုပါတယ်။ နိုင်ငံရဲ့ စပါးကျီကြီးဖြစ်တဲ့ မဲခေါင်ဒေသအတွင်း ဆန် ထုတ်လုပ်မှုအပေါ် အလေးထားဆောင်ရွက်တဲ့ ညီလာခံမှာ ကျွမ်းကျင်သူများက ၂၀၁၅ သို့မဟုတ် ၂၀၁၆ ခုနှစ်မှာ ဗီယက်နမ်ဟာ ဆန်တန်ချိန် ၁၀ သန်းခန့် တင်ပို့နိုင်မယ်လို့လည်း ပြောကြားပါတယ်။ ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ပြောကြားချက်အရ ယခုနှစ် ဆန်တင်ပို့မှုဟာ တန်ချိန် ၇ သန်းကျော်မှာဖြစ်လို့ ကမ္ဘာ့ဆန်ကုန်သွယ်မှုမှာ ၂၀ ရာခိုင်နှုန်း ကျော် ပါဝင်နေပြီလို့ ဆိုပါတယ်။ ဗီယက်နမ်ကုန်သည်များနဲ့ စက်မှုလက်မှုအသင်း ဒါရိုက်တာ Vo Hung Dung ပြောကြားတာကတော့ ပြည်ပကို ဆန်တန်ချိန် ၉ သန်းကျော်တင်ပို့နိုင်အောင် နိုင်ငံရဲ့ စုစုပေါင်း စပါးထုတ်လုပ်မှုကို ၂၀၁၅ မှာ တန်ချိန် ၄၄သန်း-၄၅ သန်း အထိ တိုးမြင့်နိုင်မယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံမှုဟာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို အထောက်အပံ့ပြုတဲ့ အချက်များထဲကတစ်ခုဖြစ်ပြီး၊ နိုင်ငံရဲ့ထုတ်လုပ်နိုင်မှု အကောင်းဆုံးဆောင်ရွက်နိုင်မှုကို အသုံးပြုပြီး ကမ္ဘာ့ဈေးကွက် ကို ပိုမိုရောင်းချသွားမယ်လို့လည်း ဆိုပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗီယက်နမ်က ကန်ဒေါ်လာ ၃၂၀ သန်း ကျော်ဖိုးဖြစ်တဲ့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းသာ တင်ပို့ခဲ့ပါတယ်။ ၂၀၀၅ နဲ့ ၂၀၁၀ ခုနှစ်အတွင်း အဓိကဆန်တင်ပို့မှု အဖြစ် ပမာဏနဲ့ တန်ဖိုး ၂ ခုလုံး၂ဆတိုးတက် တင်ပို့နိုင်ခဲ့ရာ အဲဒီကာလအတွင်း စုစုပေါင်း ဆန်တန်ချိန် ၃၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ စားနပ် ရိက္ခာ ဝယ်လိုအား တိုးမြှင့်နေပေမယ့်လည်း စပါးစိုက်မယ့် မြေ ဧရိယာလျော့ကျမှု စိန်ခေါ်ခြင်း တွေနဲ့ ဗီယက်နမ်ကြုံတွေ့ နေတယ်လို့ Dung က ဆိုပါတယ်။ ဒါကြောင့် အကြီးစား လယ်ယာစံပြစိုက်ခင်းများကို အသုံးချခြင်းဖြင့် ထုတ်လုပ်မှု ထပ်မံတိုးတက်အောင် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ အဲဒီလိုသာ ဆောင်ရွက်နိုင်မယ် ဆိုရင် ၂၀၁၅ မှာ နှစ်စဉ် စပါးထုတ်လုပ်မှု ဆန်တန်ချိန် ၄၆ သန်းနဲ့ ပြည်ပကို ဆန်တန်ချိန် ၉ ဒသမ ၅ သန်းထုတ်လုပ်တင် ပို့နိုင်မယ်လို့ ဆိုပါတယ်။ မကြာသေးခင်က ဆန်တင်ပို့မှု တိုးတက်ခဲ့ခြင်းဟာ ထုတ်လုပ်မှုမှသာမဟုတ် ရိတ်သိမ်းချိန်နဲ့ ရိတ်သိမ်းချိန်လွန် ပြုပြင်ထုတ်လုပ် မှုတွေကြောင့်ပဲဖြစ်တယ် လို့ ဆိုပါတယ်။ လက်ရှိ တောင်သူများဟာ ဘယ်လိုရိတ်သိမ်းခြင်းက ထိရောက်ပြီး၊ ဆုံးရှုံးမှုအနည်းဆုံးဖြစ်တယ်ဆိုတာ သိလာကြပြီဖြစ်ပြီး၊ ရိတ်သိမ်းချိန်လွန် ဆောင်ရွက်မှုဟာ ဆန်တင်ပို့မှု ပမာဏတိုးတက်ရေးအတွက် အရေးပါတဲ့ ဆောင်ရွက်မှု အဖြစ် လုပ်ဆောင်လာကြပြီလို့ ဆိုပါတယ်။ ရိတ်သိမ်းပြီး နောက် ဆုံးရှုံးမှုဟာ ထုတ်လုပ်မှုရဲ့ ၁၀-၁၅ရာခိုင်နှုန်းခန့်အထိ များတယ်လို့ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။ ဒီနှုန်းနဲ့ဆိုရင် နှစ်စဉ်စပါး ထုတ်လုပ်မှုတန်ချိန် သန်း ၄၀ ကျော်မှာ စပါးတန်ချိန် ၂ ဒသမ ၅ သန်းခန့် ဆုံးရှုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၀၆ နဲ့ ၂၀၁၀ အတွင်း နိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ဆန်တန်ချိန် ၄ ဒသမ ၆၉ သန်းမှ ၆ ဒသမ ၇၅ သန်းကို သိသိသာသာ တိုးတက်လာခဲ့တယ်လို့ VFA အထွေထွေ အတွင်းရေးမှူး Huynh mim Hue မှ ဆိုပါတယ်။ ယခုနှစ် မှာတော့ တန်ချိန် ၇ သန်းအထိ တိုးတက်လာခဲ့ပြီလို့ ဆိုပါတယ်။ လမင်း၊ Source: VNS
