စစ်ကိုင်း(ရွာထောင်)- မြစ်ကြီးနား ကုန်တွဲ ခုနစ်တွဲအတွက် စပေါ်တင်ခွင့်ပြု

                 စစ်ကိုင်း(ရွာထောင်)-မြစ်ကြီးနား ကုန်တွဲများအား ကုန်တင်ပို့ရန်အတွက် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်အထိ တစ်နှစ်စာအတွက် စပေါ်စနစ်ဖြင့် တင်ခွင့်ပြုမှာဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၀ ရက် မန္တလေးဘူတာကြီးမှာ ပြုလုပ်တဲ့အစည်းအဝေးတွင် ဦးကြည်အေး (အထွေထွေမန်နေဂျာ၊ စီပွားရေးဌာနမြန်မာ့မီးရထား)မှ အတည်ပြုခဲ့ပါတယ်။ ရွာထောင်-မြစ်ကြီးနား ကုန်တွဲများကို နိုဝင်ဘာ ၁၅ ရက်မှာ စတင်ပြေးဆွဲမှာဖြစ်ရာ ကုန်တွဲ ခုနစ်တွဲ ပြေးဆွဲပေးမှာဖြစ်ကြောင်း၊ ကုန်တွဲတစ်တွဲကို စပေါ်ငွေ ၁၀သိန်းဖြင့် အာမခံတင်သွင်းနိုင်ကြောင်း၊ ကုန်တွဲစပေါ်တင် ထားသူမှ တစ်နှစ်ပတ်လုံးရေးဆွဲထားတဲ့ ကုန်တင်ခွင့်ဇယားအတိုင်း အလှည့်ကျ ကုန်တင် ခွင့်ပြုမှာ ဖြစ်ကြောင်း၊ ကုန်တန်ဆာခနှုန်းထားမှာ တစ်တန်ကို တစ်မိုင်အတွက် ၃၀ ကျပ်နှုန်းနဲ့ တင်ဆောင်ခွင့်ပြု မှာဖြစ်ကြောင်း သိရပါတယ်။                   ကုန်တွဲစပေါ်တင်ဆောင်လိုပါက ရွာထောင်ဘူတာနဲ့ချိတ်ဆက်ပြီး မိမိတင်ဆောင်လိုတဲ့ တွဲအရေအတွက် အတိုင်း လျှောက်ထားနိုင်ပါတယ်။ တန်ဆာခ နှုန်းထားမှာ အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့နှုန်းထားအတိုင်း ပေးဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး