သတ္တမအကြိမ်မြောက် လက်ကားကုန်စည်ဒိုင်များ အလုပ်ရုံဆွေးနွေးပွဲ ဒီဇင်ဘာလဆန်းမှာ မူဆယ်တွင်ကျင်းပမည်
သတ္တမအကြိမ်မြောက် လက်ကားကုန်စည်ဒိုင်များ အလုပ်ရုံဆွေးနွေးပွဲကို မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းရုံး မူဆယ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ ၅ရက် အထိ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။ အစည်းအဝေးပထမနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၃ ရက် အစီအစဉ်ကတော့ နံနက်ပိုင်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းရှိ ကုန်စည် ဒိုင်များအားလုံးနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း၊ ပို့ကုန်သွင်းကုန်ယာဉ် စစ်ဆေးရေးကွင်းများနဲ့ မွန်းလွဲပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျယ်ဂေါင်၊ ရွှေလီနဲ့ ဝမ်တိန်မြို့များသို့ လေ့လာရေးခရီးစဉ်ဖြစ်ပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၄ ရက် မှာတော့ အလုပ်ရုံဆွေးနွေးပွဲနဲ့ စာတမ်းဖတ်ပွဲများကိုကျင်းပမှာဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်မှာတော့ အလုပ်ရုံဆွေးနွေးပွဲကျင်းပသည့် အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည် နယ်အစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူ များ၊ မူဆယ်ခရိုင်အတွင်းရှိ ဒေသဆိုင်ရာ အာဏာ ပိုင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင်များနဲ့ အလုပ် အမှုဆောင်များ၊ ကုန်စည်ဒိုင် ၃၆ ဒိုင်မှ ကိုယ်စား လှယ်များအပါအဝင် လူဦးရေ ၂၀၀ ခန့် တက် ရောက်ကြမယ်လို့ သတင်းရရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြမယ့် ပုဂ္ဂိုလ်များအနေနဲ့ အစီအစဉ်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေးခရီးစဉ် ပါရှိနေတဲ့ အတွက် နယ်စပ်ဖြတ်ကျော်စာအုပ် (Border Passed) လုပ်ရန် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ လိုင်စင်ဓာတ်ပုံ(ကာလာ)တစ်ပုံကို k mnbtcc.museworkshop@gmail.com သို့ ကြိုတင် ပေးပို့ထားရန် လိုအပ်တယ်လို့ ကြားသိရပါတယ်။ သတ္တမအကြိမ်မြောက် လက်ကားကုန်စည် ဒိုင် အလုပ်ရုံဆွေးနွေးပွဲနဲ့စပ်လျဉ်းပြီး ပြည်တွင်း ဂျာနယ်များ၊ ရုပ်မြင်သံကြားလိုင်းများအနေနဲ့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်အသင်း ကုန်စည်ဒိုင် အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားရေး၊ ပြန်ကြားရေးနဲ့ မှတ်တမ်းတင်ရေးလုပ်ငန်းဆပ်ကော် မတီ ဖုန်း- ၀၈၂-၅၂၉၆၂ ၊ ၅၂၉၆၃ နဲ့ ၅၂၉၈၄ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးလိုက်ရပါတယ်။ ချမ်းမြေ့မောင်
