၂၀၁၂ အတွင်း ထိုင်းဆန်တင်ပို့မှု အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ်ရှိ
လာမယ့်နှစ် ထိုင်းဆန်တင်ပို့မှု အလားအလာဟာ အစိုးရရဲ့ ဆန်တင်ပို့မှု တိုးမြှင့်ရေး မူဝါဒနဲ့ အိန္ဒိယ နိုင်ငံရဲ့ ဆန် တင်ပို့မှု အခြေအနေအပေါ်မူတည်နေတယ်လို့ ထိုင်းဆန်တင်ပို့သူများ အသင်းက ပြောကြားပါတယ်။ အာဖရိက ဆန်ဈေးကွက်ကို ပုံမှန်တစ်နှစ်ကို တန်ချိန် ၃ သန်းတင်ပို့ရာမှ ၇၀-၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ တယ်လို့ အသင်းဥက္ကဌ Korbsook Iamsuri မှ ပြောကြားပါတယ်။ ဘာကြောင့်လဲဆိုရင် ထိုင်းဆန် တစ်တန် ကန်ဒေါ်လာ ၁၅၀-၁၇၀ ဈေးသက်သာတဲ့ အိန္ဒိယကို ယှဉ်ပြိုင်နေရတာကြောင့်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်တို့ကို တင်ပို့မှု အလားတူ အစိုးရအချင်းချင်း ကုန်သွယ်မှုတို့ မှာလည်း ဆန်ဈေးကြီးမြင့်မှုကြောင့် အတားအဆီးနဲ့ ရင်ဆိုင်နေရပါတယ်။ ထိုင်းဆန်ဖြူနဲ့ ပေါင်းဆန်ဈေးက တစ်တန် ကန်ဒေါ်လာ ၅၉၀-၆၀၀ မှာရှိနေဆဲဖြစ်ပြီး၊ အပေါင်ခံ ဈေးနှုန်းကြောင့် သက်ရောက်မှုမရှိသေးကြောင်းနဲ့ ဆန်တင်ပို့သူ များနဲ့ ဆန်စက် များမှာရှိတဲ့ သိုလှောင်ဆန်ဈေးသာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ အစိုးရအပေါင်ခံအစီအစဉ်အရ ဆန်ဖြူအတွက် စပါးတစ်တန်ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၄၈၃)နဲ့ ဟုမ္မလီဆန် အတွက် ဘတ် ၂၀၀၀၀(ကန်ဒေါ်လာ ၆၄၄)သတ်မှတ်ထားပြီး၊ ပေါက်ဈေးမှာ အစိုဓာတ် ၁၅ ရာခိုင်နှုန်း ပါဝင် တဲ့စပါး တစ်တန် ဘတ် ၁၀၀၀၀နဲ့၁၂၀၀၀ (ကန်ဒေါ်လာ ၃၂၂ နဲ့ ၃၈၆)ကြားနဲ့ အစိုဓာတ် ၁၅ ရာခိုင်နှုန်း ပါဝင်တဲ့ ဟုမ္မလီ စပါးမှာလည်း ဘတ် ၁၅၅၀၀ နဲ့ ၁၇၀၀၀ (ကန်ဒေါ်လာ ၄၉၉-၅၄၇)ကြားရှိတယ်လို့ ထိုင်းဆန်စက် အသင်းမှ ဆိုပါတယ်။ ဒါပေမယ့်လည်း စီးပွားကူးသန်း ဒုတိယဝန်ကြီး Poom Sarapol ပြောကြားတာကတော့ ၅ နိုင်ငံ - ၇ နိုင်ငံခန့်က ထိုင်းဆန်ကို အစိုးရအချင်းချင်းစာချုပ်ပြီး၊ ကုန်ပစ္စည်းချင်းဖလှယ်ဖို့ စိတ်ဝင်စားနေကြပြီး၊ အစိုးရအနေနဲ့ လည်း နိုင်ငံအတွက် အကျိုးအမြတ်အရှိဆုံး နည်းလမ်းကို စဉ်းစားရန် လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ ပြည်ပကုန်သွယ်ရေးဌာနမှ မကြာမီ အိမ်နီးချင်းဆန်တင်ပို့နိုင်ငံများနဲ့ အနာဂတ်ဈေးနှုန်းတည်ငြိမ်စေဖို့ အများရောင်းချ ဈေးနှုန်း သတ်မှတ်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ထိုင်းဟုမ္မလီဆန်ရဲ့ သီးခြားအရည်အသွေး များကြောင့် ဆက်လက်တင်ပို့သွားမှာဖြစ်ပေမယ့် အဓိကအားဖြင့် ဟောင်ကောင်၊ အမေရိကန်နဲ့ တရုတ်တို့ကို တစ်နှစ် ဆန်တန်ချိန် ၂ သန်းဝန်းကျင် တင်ပို့ရာမှ ပမာဏတိုးတက်တင်ပို့နိုင်ဖွယ်မရှိဘူးလို့ Ms Korbsook က ဆိုပါတယ်။ ဟုမ္မလီဆန်ဈေးဟာ တစ်တန်ကန်ဒေါ်လာ ၁၂၀၀ ရှိပေမယ့် အချို့တင်ပို့သူတွေကတော့ ကန်ဒေါ်လာ ၁၀၀၀ နဲ့သာ ရောင်းချနေကြတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံက ဆန်တန်ချိန် ၉ ဒသမ ၈၉ သန်းတင်ပို့ပြီးဖြစ်လို့ ယခင်နှစ်ကာလ တူ ထက် ၃၂ ဒသမ ၆၄ ရာခိုင်နှုန်း ပိုမိုတင်ပို့ထားကြောင်း အသင်းရဲ့ စာရင်းများအရ သိရပါတယ်။ လဝန်း၊ Source: bangkok post
