အာဆီယံနိုင်ငံများ ဒေသတွင်းအရန်ဆန်စနစ် ထားရှိဖို့ သဘောတူ

                   အရေးပေါ် အခြေအနေများနဲ့ ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးမြင့်တက်မှု ပြင်းထန်နေတဲ့အချိန်တွေမှာ အသုံးပြုနိုင်ဖို့ ဒေသတွင်းဆန် သိုလှောင်ထားဖို့ အာဆီယံနိုင်ငံများ သဘောတူခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတ အကွီနိုမှ နိုဝင်ဘာလ ၁၉ ရက်မှာအင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပတဲ့ (၁၉) ကြိမ်မြောက် အာဆီယံနိုင်ငံများ ညီလာခံမှာ ပြောကြားပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းများကြောင့် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်တို့မှာ ဆန်ထုတ်လုပ်မှု ဆိုးဝါးစွာ ထိခိုက်ခဲ့ ခြင်းကြောင့် ယခုလို အာရှမှာ ဆန်အရန်သိုလှောင်မှုစနစ် ဖန်တီးဖို့ဖြစ်လာခဲ့တယ်လို့ အကွီနိုက ဆိုပါတယ်။ ဆန်သိုလှောင်မှုစနစ်မှ ကုန်စည်အချိန်မီပေးပို့နိုင်ဖို့၊ ဈေးကွက်ကမောက်ကမ ဖြစ်မှု နည်းပါးစေဖို့နဲ့ ကမ္ဘာ့ ကုန်သွယ်ရေး စည်းမျဉ်းများနဲ့ကိုက်ညီစေဖို့နဲ့ စွမ်းဆောင်ရည် မြှင့်တင်ဖို့ မျှော်လင့်ထားကြောင်းလည်း ပြောကြား ပါတယ်။ ယင်းအရန်ဆန်ကို အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာကူညီဖို့နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ လိုအပ်တဲ့ ဆင်းရဲမှုလျှော့ချရေးစီမံချက်များမှာ ကူညီပေးဖို့ အသုံးပြုရေးအတွက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ လမင်း၊ Source: PNA