ဝယ်လိုအားနည်းခြင်းက ဆန်ဈေးနှုန်း ထပ်မံကျဆင်းဖို့တွန်းပို့
နှစ်ကုန်ပိုင်း အားလပ်ရက်များ နီးကပ်လာပြီးဝယ်လိုအားပါးတာကြောင့် ယခုတစ်ပတ်အတွင်း အာရှ ဆန်ဈေး ထပ်မံ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရနဲ့ ဗီယက်နမ်ဆန်ထုတ်လုပ်မှုအသင်းရဲ့ ကြားဖြတ်ဆောင်ရွက်မှုများက ဈေးနှုန်း ကျဆင်းမှုကို ကန့်သတ်ဖွယ်ရှိတယ်လို့ ကုန်သည်များကဆိုပါတယ်။ ထိုင်းအခြေခံစံနှုန်း ၁၀၀ မှတ်အဆင့်ဘီ ဆန်ဖြူဈေးဟာ ယခင်သီတင်းပတ်မှာ ကန်ဒေါ်လာ ၅၉၀ ရှိရာမှ ၅၈၀ ကို ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရသစ်ဟာ ဇူလိုင်လရွေးကောက်ပွဲမှာအနိုင်ရဖို့ ကျေးလက်နေ ဆင်းရဲသားပြည်သူ သန်းပေါင်းများစွာကို အထောက်အပံ့ပြုဖို့ ဈေးနှုန်းမြှင့်တင်ရေးကြားဖြတ်အစီအစဉ်တစ်ခုကိုကြေညာခဲ့တဲ့ အောက်တိုဘာ လလယ်မှာ ဆန်တစ်တန်ကန်ဒေါ်လာ၆၅၀ နဲ့ ယခုနှစ်ရဲ့ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ " အချို့ဆန်စက်များကဈေးအနိမ့်နဲ့ စပါး ရောင်းချတဲ့အတွက် ဝယ်သူတွေကိုဆွဲဆောင်နိုင်ဖို့ ဈေးလျှော့သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ ဝယ်လက် အများစုက သိုလှောင် ထားပြီးဖြစ်လို့ ဝယ်လိုအားအလွန်ပဲပါးနေသေးတယ် " လို့ ဘန်ကောက် အခြေစိုက် ဆန်တင်ပို့သူတစ်ဦးကဆိုပါတယ်။ ရေလွှမ်းမိုးဒဏ်ခံရပြီး ဝယ်လိုအားနည်းနေတဲ့အတွက် အချို့ဆန်စက်ပိုင်ရှင်များဟာ ၎င်းင်းတို့ပစ္စည်းများ ငွေဖော်လိုတဲ့ အတွက် ဈေးလျှော့ရောင်းရာ ယခင်တစ်ပတ်က ဆန်တစ်တန်ဘတ် ၁၈၀၀၀ (ကန်ဒေါ်လာ ၅၆၉)ရှိရာမှာ ၁၆၅၀၀ (ကန်ဒေါ်လာ ၅၂၁)ကို လျော့ကျခဲ့ပါတယ်။ဒါပေမဲ့ အစိုးရက၎င်းင်းရဲ့ဝယ်ယူရေးအစီအစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ တာ ကြောင့် နောက်သီတင်းပတ်အနည်းငယ်မှာတော့ ဈေးနှုန်းများများ ထပ်မကျနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ အောက်တိုဘာလ ၇ ရက်ကစပြီး၊တောင်သူများထံက စပါးတစ်တန် ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၄၇၄)နဲ့ ဝယ်ယူ ခဲ့ရာယခုအခါ တန်ချိန် ၃ ဒသမ ၅ သန်းခန့် ဝယ်ယူပြီးပြီလို့သိရပါတယ်။ ကြားဖြတ် ဈေးနှုန်းမြင့်မားနေမှု အပေါ် ကုန် သည်များနဲ့ ဆန်တင်ပို့သူများ စိုးရိမ်နေကြပြီး၊ အကယ်လို့သာ ဆန်တင်ပို့ဈေးအမြင့်မှာ ဆက်ရှိနေအုံးမယ်ဆိုရင် နောက်နှစ်မှာ ယခုနှစ်တင်ပို့တဲ့ ပမာဏရဲ့ ထက်ဝက်ဖြစ်တဲ့ တန်ချိန် ၅ သန်းလောက်အထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီအဖြစ်အပျက်သာဖြစ်မယ်ဆိုရင် ဗီယက်နမ်က ထိုင်းကိုကျော်လွန်ပြီး ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးဖြစ်လာ တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၁၉ သန်းအထိ တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားတဲ့ ဗီယက်နမ်ဟာလာမယ့်နှစ်မှာလည်း အိန္ဒိယက ဈေးသက်သက်သာသာနဲ့ ရောင်းချနေတဲ့အတွက် ဆန်တင်ပို့မှုမှာ တော် တော်လေးရုန်းကန်ရဦးမှာဖြစ်ပါတယ်။ ဗီယက်နမ်ဆန်ဈေးကလည်း လွန်ခဲ့တဲ့သီတင်းပတ်တွေမှာ ကျဆင်းခဲ့ပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာအသင်းက အနိမ့်ဆုံးဆန်တင်ပို့ဈေးကို သတ်မှတ်ပြီးတဲ့နောက်မှာတော့ ဆန်ကုန်သွယ်မှု ရှားရှား ပါးပါးပဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဗီယက်နမ် ၅ မှတ်ဆန်ဈေးဟာ ယခင်တစ်ပတ်က ကန်ဒေါ်လာ ၄၇၀-၄၇၅ ရှိခဲ့ရာမှ ၄၆၅ ကိုကျဆင်းခဲ့ပြီး၊ ၂၅ မှတ်ဆန်ဈေးနှုန်းမှာလည်း ကန်ဒေါ်လာ ၄၂၀-၄၃၀ မှာ တန့်နေပါတယ်။ ယခင်သီတင်းပတ်က ဗီယက်နမ်စားနပ်ရိက္ခာ အသင်းမှ ၎င်းင်းဆန်တင်ပို့သူများ ဈေးနှုန်းလျှော့ချမှုကိုကာကွယ်ဖို့ ကြမ်းခင်းဈေး သတ်မှတ်ခဲ့ပါတယ်။ ၅ မှတ်ဆန်အတွက် ကြမ်းခင်းဈေးကို ကန်ဒေါ်လာ ၅၀၀ နဲ့ သတ်မှတ်ခဲ့ပြီး၊ ၂၅ မှတ်ဆန်ကို ကန်ဒေါ်လာ ၄၇၀ နဲ့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ် ဆန်ဟာ အိန္ဒိယဆန်ဈေးနားကပ်နေပြီဖြစ်လို့ ယခုပမာဏထက်တော့ များများကျဆင်းနိုင်ဖွယ် မရှိကြောင်းလည်း ဆန်တင်ပို့သူများက ခန့်မှန်းကြပါတယ်။ လမင်း၊ Source: riceonline
