အင်ဒိုနီးရှားရဲ့ ၂၀၁၂ ဆန်ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်း မြင့်တက်မယ်မှန်း
၂၀၁၄ ခုနှစ်မှာ ပြည်တွင်းဆန်ဖူလုံဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၂ မှာစုစုပေါင်းစပါး တန်ချိန် ၇၂ သန်းအထိထွက်ရှိရေး ၁၀ ရာခိုင်နှုန်းမြင့်တက်ဖို့ ရည်မှန်း ဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှားအရာရှိများကဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ စပါးတန်ချိန် ၆၅ ဒသမ ၄ သန်း၊ ဆန်ထွက်ရှိ မှု တန်ချိန် ၃၇ သန်းခန့်ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ရာသီဥတုဆိုးဝါးပြီး ပိုးမွှားများကျရောက်ခဲ့လို့ ထုတ်လုပ်မှု အနည်းငယ်လျော့ကျခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ ဆန် အထွက်တိုးအောင် တွန်းအားပေးဆောင်ရွက်နေလို့ ၂၀၁၁ ခုနှစ်ထက် ပိုမိုတိုးတက်မယ် လို့ ဆိုပါတယ်။ ကမ္ဘာမှာ ဆန်စပါးထုတ်လုပ်မှု အများဆုံး တရုတ်နဲ့ အိန္ဒိယပြီးရင် တတိယအကြီးဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှား နိုင်ငံဟာ နှစ်စဉ် ဆန်တန်ချိန် ၁ သန်းနဲ့ ၂ သန်းကြား တင်သွင်း နေရပါတယ်။ ပြည်တွင်းဆန်ဖူလုံဖို့ ရည်မှန်းချက်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆောင်ရွက်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆန်နဲ့ ဂျုံ၊ ပြောင်း၊ ပဲပုပ်အပါအဝင် အခြားနှံစားသီးနှံများရဲ့ တင်သွင်းခွန်ကို သုညမှ ၅ ရာခိုင်နှုန်း အထိ ၂၀၁၂ ဇန်နဝါရီမှစပြီး တိုးမြှင့်ကောက်ခံမယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။ ဆန်နဲ့အခြားသီးနှံ များအတွက် တင်သွင်းခွန်သုညကို လျှော့ချကောက်ခံခြင်း ဟာ၂၀၁၁ ခုနှစ် ဇန်နဝါရီက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ အပြင် အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိစပါးစိုက်ဟက်တာ ၁၂ ဒသမ ၁၅ သန်းဝန်းကျင်မှ ၁ ရာခိုင်နှုန်းဖြစ်တဲ့ ဟက်တာ တစ်သိန်း ကိုလည်း တိုးချဲ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ လမင်း၊ Source:oryza.com
