နိုင်ငံတော်အမှတ်တံဆိပ်ထူထောင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အကြီးစားစံပြလယ်ယာများ တိုးချဲ့ဖို့ ဗီယက်နမ်ကြိုးစား
ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေးကျွမ်းကျင်ရှင်များဟာ ဆန်စပါးအရည်အသွေးနဲ့ အထွက်နှုန်းတိုးတက်ဖို့ အပါအဝင် ထုတ်လုပ်မှုစရိတ်လျော့ကျရေးနဲ့ တောင်သူများတစ်ဦးချင်းစိုက်ပျိုးခြင်းမှ ရရှိတဲ့ အကျိုးအမြတ်ထက် ပိုမိုသာလွန်တဲ့ အကျိုးအမြတ် ရရှိဖို့အတွက် အကြီးစားစံပြလယ်ယာမြေများ ထပ်မံတိုးတက်ဖို့ တွန်းအားပေးနေကြောင်း သိရပါတယ်။ ဒီလိုဆောင်ရွက်ခြင်း ဟာ ထိုင်းနိုင်ငံက ကိုယ်ပိုင်အမှတ်တံဆိပ် ရရှိပြီးဖြစ်သလို ဗီယက်နမ်ရဲ့ အရည်အသွေးမြင့်ဆန်အမှတ်တံဆိပ်ထူထောင်ဖို့ နိုင်ငံတော်ရဲ့ အစီအစဉ်လည်းဖြစ်တယ်လို့ သိရပါတယ်။ အကြီးစားစံပြလယ်ယာမှာ အသေးစားလယ်ယာမြေများပိုင်ဆိုင်တဲ့ အနီးအနားပတ်ဝန်းကျင် တောင်သူများကို ဆန်စပါး ထုတ်လုပ်ဖို့ စီးပွားရေးလုပ်ငန်းရှင်များ၊ သိပ္ပံပညာရှင်များနဲ့ အစိုးရအရာရှိများနဲ့အတူ ပူးပေါင်း ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ လက်ရှိကာလမှာ မဲခေါင်ဒေသမှာ အကြီးစားစံပြလယ်ယာမြေ အများအပြားဟာ ဟက်တာ ၁၀၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါ တယ်။၂၀၁၁ ဆောင်းဦးသီးနှံရာသီကစပြီး အဲဒီအကြီးစားစံပြ လယ်ယာမြေတွေမှာ ပထမအကြိမ် အကောင်အထည် ဖော်ခဲ့ ကြောင်း စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ စိုက်ပျိုးရေးဌာနစာရင်းအရ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များဟာ အကြီးစားထုတ်လုပ်မှု၊ နည်းပညာအကြံပေးမှုနဲ့ စားသုံးသူကွန်ရက်မှာ အရေးပါဆုံးဖြစ်တဲ့ လိုအပ်တဲ့ သွင်းအားစုများ ထောက်ပံ့ပေးခြင်းဖြင့် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ၎င်းင်းတို့ဟာ ရိတ်သိမ်းပြီးတာနဲ့ ဝယ်ယူဖို့အခွင့်အရေးရှိသူတွေဖြစ်ပါတယ်။ တောင်သူအချို့ဟာ မော်ဒယ်သစ်နဲ့ ပတ်သက်လို့ စိတ်အားထက်သန်ကြပါတယ်။ အကြီးစား စံပြလယ်ယာမှာ ပါဝင်လျက်ရှိတဲ့ တောင်သူ တစ်ဦးပြောကြားချက်အရ ၎င်းရဲ့ ထုတ်လုပ်မှုစရိတ်က ၃၀ ရာခိုင်နှုန်း ကျဆင်းပြီးတစ်ဟက်တာ ၈ တန်-၉ တန်နှုန်းနဲ့ စပါးတစ်တန်ကန်ဒေါ်လာ ၃၀၉ ခန့်နဲ့ရောင်းချရတာဖြစ်လို့ အကျိုးအမြတ် အနေနဲ့ ၁၅၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရအရာရှိများပြောကြားချက်အရ ၂၀၁၂ ခုနှစ်ကုန်ပိုင်း ဗီယက်နမ်တောင်ပိုင်းမှာ အကြီးစားစံပြ လယ်ယာစိုက်ပျိုးမှုကို ဟက်တာ ၄၀၀၀၀-၈၀၀၀၀ ဝန်းကျင်ရှိဖို့ စီစဉ်ထားပြီး ၂၀၁၃ ခုနှစ်မှာ ဟက်တာ ၂ သိန်း အထိ လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှာ ဟက်တာ ၁ သန်းအထိလည်းကောင်း တိုးချဲ့ဖို့ စီစဉ်ထားကြောင်း သိရပါ တယ်။ ဒါပေမဲ့လည်း စံပြလယ်ယာအဖြစ် အောင်မြင်မှုမရှိခင်မှာ စိန်ခေါ်မှုပေါင်းများစွာကို ကျော်ဖြတ်ရတယ်လို့ ဆိုပါတယ်။ ပထမဆုံးအနေနဲ့ လယ်သမားများဟာ စံပြလယ်ယာရဲ့ လုပ်ငန်းဆောင်ရွက်ချက်၊ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မသိနား မလည်ကြသေးလို့ အစိုးရက အကြီးစားစံပြလယ်ယာရဲ့ အကျိုးကျေးဇူးကို တောင်သူတွေ သိရှိနားလည်ဖို့ ကြိုးပမ်းမှုလုပ်ရပါတယ်။ ဒုတိယအချက်ကတော့ လုပ်ငန်းရှင်များကလည်း ရင်းနှီးမြှုပ်နှံဖို့ (သို့မဟုတ်) ဝယ်ယူဖို့ကို စိုးရိမ်နေကြခြင်းဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ အချိန်တိုအတွင်း စိုက်ပျိုးဖို့လိုအပ်တဲ့ စပါးမျိုးစေ့ဖြန့်ဝေခြင်းကလည်း လိုအပ်ချက်မရှိစေဖို့ အခက်အခဲဖြစ်ခြင်းပါပဲ။ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ချေးငွေများပေးခြင်းနဲ့ သိုလှောင်ရုံ ဆောက်ဖို့ အကူအညီပေးခြင်းဖြင့် အစိုးရက အဲဒီပြဿနာတွေကို ကောင်းကောင်းဖြေရှင်းနိုင်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လမင်း Source: oryza.com
