ဖိလစ်ပိုင်က ဆန်တင်သွင်းမှု လျော့နည်းပါက ကမ္ဘာ့ဆန်ကုန်သွယ်မှုလည်း ကျဆင်းဖွယ်ရှိ
ဖိလစ်ပိုင်နိုင်ငံက ၂၀၁၂ ခုနှစ်အတွင်း ဆန်တင်သွင်းမှု လျှော့ချဖို့ စီစဉ်နေသလို ဘင်္ဂလားဒေ့ရှ်ကလည်း အလားတူလျော့ကျ နိုင်တာကြောင့်၊ ကမ္ဘာ့ဆန်ကုန်သွယ်မှုဟာ တန်ချိန် ၁ သန်းကျဆင်းပြီး တန်ချိန် ၃၁ ဒသမ ၉ သန်းထိ ရောက်ရှိနိုင်မယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးဆန်အလားအလာ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။ ယင်းအစီရင်ခံစာမှာ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်တို့က ဆန်တင်သွင်းမှုလျှော့ချဖို့ ခန့်မှန်းထားပြီး၊ ထိုင်းနဲ့ ဘရာဇီးတို့ရဲ့ ပြည်ပတင်ပို့မှုလည်း လျော့ကျ မယ်လို့ ခန့်မှန်းထားပေမယ့် ကမ္ဘောဒီးယားနိုင်ငံကတော့ တိုးမြှင့်တင်ပို့ဖို့ ခန့်မှန်းထားပါတယ်။ ဆန်တင်သွင်းမှုကိုကြည့်ရင် ဖိလစ်ပိုင်နိုင်ငံဟာ တင်သွင်းမှုအပေါ် မှီခိုနေရမှု လျော့နည်းအောင် စတင်လုပ်ဆောင်နေပြီဖြစ် လို့ ၂၀၁၂ မှာတန်ချိန် ၇ သိန်းလျှော့ချပြီး၊ တန်ချိန် ၅ သိန်း တင်သွင်းဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်းဗျူရိုမှထုတ်ပြန်ချက်အရ ၂၀၁၂ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း စပါးထုတ်လုပ်မှုဟာ တန်ချိန် ၇ ဒသမ ၇၈ သန်းအထိ ရှိနိုင်တယ်လို့ ၂၀၁၁ ခုနှစ်ကာလတူ ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ၅၈ သန်းထက် ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်မယ်လို့ ဆိုပါတယ်။ ရိတ်သိမ်းဧရိယာဟာ ၂၀၁၁ ခုနှစ်မှာ ဟက်တာ ၁ ဒသမ ၉၉၃ သန်းရှိရာမှ ၁ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုပြီး၊ ဟက်တာ ၂ ဒသမ ၀၂ သန်းရှိကာ တစ်ဟက်တာအထွက်နှုန်းမှာလည်း ယခင်နှစ်က ၃ ဒသမ ၈ တန်မှ ယခုနှစ်မှာ ၃ ဒသမ ၈၅ သန်းအထိ တိုးတက်နိုင်မယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှာ ကုန်ဆုံးတဲ့ ၁၂ လအတွက် ကမ္ဘာ့ဆန်လက်ကျန် ဟာ ယခင်နှစ်ထက် ၃ ရာခိုင်နှုန်းပိုမိုပြီး၊ တန်ချိန် ၁၀၀ ဒသမ ၁ သန်းအထိ ရှိနိုင် တယ်လို့ အမေရိကန် စီးပွားရေးသုတေသန ဝန်ဆောင်မှု (US- ERS) မှ Nathan Childs မှ ပြောကြားပါတယ်။ ကမ္ဘာ့ဆန်လက်ကျန်မှာ (၅) နှစ်ဆက်တိုက်အနေနဲ့ တိုးတက်ပေမယ့် ဖိလစ်ပိုင်၊ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ အမေရိကန်တို့မှာ လက်ကျန်လျော့မယ်လို့ ခန့်မှန်းထားပါတယ်။လမင်း၊ Source: riceonline
