၂၀၁၂ မှာ ကမ္ဘာ့ဆန်ကုန်သွယ်မှု ၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့ FAO ကဆို
ဝယ်လိုအားကျဆင်းနေတာကြောင့် ကမ္ဘာ့ဆန်ကုန်သွယ်မှုက ယခင်တစ်နှစ်ထက် ၅ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိတယ်လို့ FAO မှ ဖေဖော်ဝါရီ ၁ ရက်မှာ ပြောကြားပါတယ်။ ယခင်နှစ်က ဆန်တင်ပို့မှုဟာ တန်ချိန် ၃၄ ဒသမ ၅ သန်းအထိ စံချိန် တင်ခဲ့ပေမယ့် ၂၀၁၂ မှာတော့ တန်ချိန် ၃၂ ဒသမ ၈ သန်းကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၂ မှာ ဆန်တင်သွင်းမှု နည်းနိုင်တဲ့ နိုင်ငံများကတော့ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ နိုက်ဂျီးရီးယားနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ထုတ်လုပ်မှု မြင့်တက်တာကြောင့် တင်သွင်းဖို့ ဝယ်လိုအား ကျဆင်းမယ်လို့ ဆိုပါတယ်။ နှစ် ၅၀ ခန့်ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူနေရာမှာရှိနေတဲ့ ထိုင်းနိုင်ငံဟာ ယခင်နှစ်က တန်ချိန် ၁၀ ဒသမ ၅ သန်း တင်ပို့ခဲ့ပေမယ့် အစိုးရရဲ့ ဈေးနှုန်းအာမခံအစီအစဉ်က ၎င်းဆန်တင်ပို့မှုကို ယှဉ်ပြိုင်နိုင်အား ကျဆင်းစေတာမို့ ၂၀၁၂ မှာ တင်ပို့မှုနည်းမယ်လို့ FAO က ခန့်မှန်းထားပါတယ်။ ထိုင်းမူဝါဒကြောင့် နိုဝင်ဘာလထဲက ဆန်တင်ပို့မှုဟာ ယခင်နှစ်ကာလ တူထက် ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်းက ဆိုပါတယ်။လမင်း၊Source: riceonline
