ပင်လယ်ထက်ကနေဝန်းနီ ၅ ဆု၊ အာဒမ်၊ ဧဝ၊ ဒဿ ၃ဆု၊ အမေ့ကျေးဇူးဆင်ဖူးချင်တယ် ၁ ဆု၊ အငိုမျက်လုံးအပြုံးမျက်နှာ ၁ ဆုနဲ့ ပွဲသိမ်းသွားတဲ့ ၂၀၁၀ အကယ်ဒမီည
ပြောင်းလဲခြင်းများနဲ့ ကျင်းပခဲ့တဲ့ ၂၀၁၀ ခုနှစ် အကယ်ဒမီ ပေးပွဲကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်ရှိ လဟာပြင် အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထူးခြားချက်များနဲ့ ကျင်းပခဲ့တဲ့ ၂၀၁၀ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ၁၀ ဆုကို ချီးမြှင့်ပေးခဲ့ပါတယ်။ Studio 35 ရဲ့ ပထမဆုံးပွဲဦး ထွက်ရုပ်ရှင်ကားဖြစ်တဲ့ "ပင်လယ်ထက်က နေဝန်းနီ"ဇာတ်ကားဟာ အကယ်ဒမီဆု အများဆုံး သိမ်းပိုက်နိုင်ခဲ့ပြီး Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အာဒမ်၊ ဧဝ၊ ဒဿ ရုပ်ရှင်ဇာတ်ကားက အကယ်ဒမီ ၃ ဆုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်နဲ့ အငိုမျက်လုံး အပြုံးမျက်နှာတို့က အကယ်ဒမီ ၁ ဆု ဆီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် အကယ်ဒမီထူူးချွန်ဆု ချီးမြှင့်ပွဲမှာ အကယ်ဒမီတစ်ခါမှ မရရှိသေးတဲ့သူ ၆ ဦးဖြစ်တဲ့ ပြေတီဦး (အမျိုးသားဇာတ်ဆောင်ဆု)၊ သက်မွန်မြင့် (အမျိုးသမီးဇာတ်ဆောင်ဆု)၊ ဝေဠုကျော် (အမျိုးသား ဇာတ်ပို့ဆု)၊ ဝါဝါအောင် (အမျိုးသမီးဇာတ်ပို့ဆု)၊ မြန်မာပြည်ကျောက်စိမ်း (တေးဂီတဆု) နဲ့ Heart & Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး (ဇာတ်ကားဆု) တို့က ရရှိသွားခဲ့ကြပါတယ်။ ထပ်ဆင့်အကယ်ဒမီများအဖြစ် ခင်မောင်ဦး၊စိုးသိမ်းထွဋ် (ဇာတ်ညွှန်းဆုနဲ့ ဒါရိုက်တာဆု)၊ ဦးမြင့်ခိုင် (တည်းဖြတ်ဆု)၊ ပန်းချီစိုးမိုး (ဓာတ်ပုံဆု)တို့က ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။
